10 ပတ် - ဘာသာပြန်ပါ။

ဖားကန့် မှော်စီစာမှာ တိုက်ပွဲဖြစ်ပွားနေပြီး ထိခိုက်ဒဏ်ရာရသူရှိသလို ပိတ်မိနေသူအများအပြားရှိနေ

ကချင်ပြည်နယ် ၊ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု၊မှော်စီစာရွာမှာ နစက တပ်တွေနဲ့ KIA ပူးပေါင်းတပ်တွေအကြား တိုက်ပွဲဖြစ်ပွားနေပြီး တိုက်ပွဲအကြား ထိခိုက်ဒဏ်ရာရသူတွေရှိသလို နေအိမ်အတွင်းပိတ်မိနေသူတွေလည်းရှိနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ဒီနေ့ ဇွန်လ ၁၇ ရက်နေ့ မနက် ၉ နာရီလောက်ကစပြီး မှော်စီစာရွာ ဘုရားကုန်းမှာတပ်စွဲထားတဲ့ နစက တပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ကြောင်း ၊ လက်နက်ကြီး လက်နက်ငယ်ပစ်ခတ်မှုရှိနေပြီး တိုက်ပွဲအကြားမှာ ကုဋေရွာထဲ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ကလေးအပါ သုံးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
" ကုဋေရွာထဲလူနေအိမ်ပေါ်ကျတာပါ။မိသားစုသုံးယောက်ထိပါတယ်။ ၉နာရီခွဲလောက်က လက်နက်ကြီးကျတာပါ။ တိုက်ပွဲကအခုထိဖြစ်နေတုန်းပဲ။ " လို့ ဒေသခံကပြောပါတယ်။
ကုဋေရွာအပြင် မှော်စီစာရွာထဲကိုလည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုတွေရှိနေပြီး လူနေအိမ်တွေ ပျက်စီးမှုရှိသလို လူထိခိုက်ဒဏ်ရာရသူတွေလည်းရှိနေတယ်လို့သိရပါတယ်။
တိုက်ပွဲကြောင့် မှော်စီစာ၊ မှော်ဝမ်းလေး အပါစတဲ့နေရာအချို့မှာ နေအိမ်ကနေထွက်ဖို့
အဆင်မပြေတော့တဲ့အတွက် ပိတ်မိနေကြတဲ့ ဒေသခံတွေအများအပြားရှိနေတယ်လို့သိရပါတယ်။
"လူတွေအကုန်ပိတ်မိနေတယ်။ပိတ်မိလို့အခုပြန်ထွက်တဲ့သူကထွက်​နေတယ်။ကျွန်တော်ကတော့ဘေးကင်းရာကိုရောက်ပြီ ။ တိုက်ပွဲကခုထိ ဖြစ်နေတုန်းပဲ။အခုက ​မှော်စီစာဘုရားကုန်းမှာတပ်စွဲထားတဲ့ စစ်တပ်နဲ့ KIA တို့အပြန်အလှန်ဖြစ်နေတဲ့အခြေအနေပေါ့။" လို့ တိုက်ပွဲအတွင်းပိတ်မိရာမှ ထွက်နိုင်ခဲ့တဲ့ လုံးခင်းဒေသခံကပြောပါတယ်။
တိုက်ပွဲက မှော်စီစာအပြင် မှော်ဝမ်းကြီး ၊မှော်ဝမ်းလေးဘက်မှာလည်း လက်နက်ကြီးပစ်ခတ်သံအချို့ ကြားနေရဆဲဖြစ်တာကြောင့် တိုက်ပွဲပိုပြီးပြင်းထန်လာမှာကိုစိုးရိမ်တဲ့အတွက် စစ်ဘေးရှောင်ပြည်သူတွေက ဖားကန့်မြို့ပေါ်အထိ တိမ်းရှောင်နေကြတယ်လို့သိရပါတယ်။
" မှော်ဝမ်းကြီးကတော့ အကုန်မရှိသလောက်ရှောင်ကုန်ကြပြီ။မှော်ဝမ်းလေးမှာတော့ ကျန်နေသေးတယ်။စစ်ရှောင်ပြီးတဲ့သူတွေကလည်း အခုဖားကန့်မြို့ပေါ်ကိုထပ်ရွှေ့နေကြတယ်။ဖားကန့်မြို့ပေါ်မှာ စစ်ရှောင်တွေအပြည့်ပဲ။" လို့ မှော်ဝမ်းကြီး ဒေသခံကပြောပါတယ်။
မှော်ဝမ်းကြီး ၊မှော်ဝမ်းလေး ရွာတွေမှာ မနေ့ကဇွန် ၁၆ ရက်နေ့က နစက စစ်ကြောင်းနဲ့ KIA တပ်တွေအကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ရွာလုံးကျွတ်စစ်ဘေးရှာင်ကြရတာဖြစ်တယ်လို့သိရပါတယ်။
ဒီနေ့ဇွန် ၁၇ ရက်နေ့မနက်ပိုင်းမှာ ဖားကန့် ၊ လုံးခင်း အုပ်စု ၊ယူမာ ၊ ဆိုင်းတောင်လမ်းမှာ အမျိုးသားတယောက် ပစ်သတ်ခံထားရတယ်လို့လည်းသိရပါတယ်။
ဖားကန့်မှာ ဇွန် ၁၂ ရက်ကနေ ဇွန် ၁၇ ရက်အတွင်းကလည်း အမျိုးသား ခုနှစ်ယောက်အထိ သတ်ဖြတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

imageimage