ChatGPT ကို ပေါက်ကရတွေ မမေးသင့်တဲ့ အကြောင်းရင်း ၃ ချက်
AI ခေတ်ရဲ့ အခွင့်ထူးတစ်ခုက ကိုယ်သိချင်တာကို ရေဆုံးကုန်းဆုံး လိုက်မေးလို့ရတာပါ။
ဗဟုသုတဘောင်ကို ချဲ့ချင်လား။ ChatGPT , Gemini , Grok စတဲ့ Gen AI chatbot တွေနဲ့ စကားအပြန်အလှန်ပြောပြီး အသစ်လေ့လာလို့ရတယ်။ လုပ်ငန်းတစ်ခု စချင်ပေမယ့် ဘယ်ကစရမှန်း မသိရင်လည်း အကြံတောင်းလို့ရတယ်။ ကိုယ်နဲ့ အကျွမ်းမဝင်တဲ့ ပညာရပ်တစ်ခု သင်ချင်တယ်ဆိုလည်း Learning Roadmap ပြခိုင်းလို့ရတယ်။
လုပ်နိုင်တာတွေက အများကြီးပါ။ ဒါပေမယ့် AI chatbot တွေကို အဓိပ္ပါယ်မရှိတဲ့ ပေါက်ကရမေးခွန်းတွေ နဲ့ တားမြစ်ထားတဲ့အကြောင်းအရာတွေ မေးတာမျိုးတော့ မလုပ်သင့်ပါဘူး။ အဲ့ဒါကလည်း အကြောင်းရှိပါတယ်။
(၁) အကောင့်ပိတ်ခံရနိုင်တယ်
ChatGPT အပါအဝင် chatbots တွေမှာ ကန့်သတ်မေးခွန်းအမျိုးအစားတွေ ရှိပါတယ်။ တားမြစ်မေးခွန်းတွေထဲမှာ ကိုယ်ရေးကိုယ်တာအချက်အလက်မေးတာ ၊ အမုန်းစကားဖြစ်စေတာ ၊ ဆေးဘက်ဆိုင်ရာ အကြံတောင်းတာ ၊ ကိုယ့်ကိုယ်ကိုယ်နဲ့ တခြားသူတွေကို ထိခိုက်စေမယ့် အကြံတောင်းတာ ၊ ကိုယ်ကျင့်တရားနဲ့ ဥပဒေချိုးဖောက်မယ့်လုပ်ရပ်တွေ လုပ်ခိုင်းတာမျိုးတွေ ပါပါတယ်။
Chatbot တွေကတော့ တားမြစ်မေးခွန်းတွေ မေးလာရင် ငြင်းပယ်တာ ၊ သတိပေးတာတွေနဲ့ အရင်တုံ့ပြန်ပါတယ်။ အတော်ဆိုးဆိုးဆို အကောင့်ယာယီပိတ်ပင်တာကနေ လုံးဝသုံးမရအောင် ban တာအထိ လုပ်ပါလိမ့်မယ်။
(၂) AI performance ကျလာမယ်
AI model တွေက အချက်အလက်တွေနဲ့ လေ့ကျင့်ကြတာပါ။ High-quality ဖြစ်တဲ့ အချက်အလက်တွေနဲ့ train နိုင်လေလေ AI စွမ်းရည်တက်လေလေပါ။ AI နဲ့ လူ အပြန်အလှန်စကားပြောတယ်ဆိုတာကလည်း AI ကို train နေတာပါပဲ။
တကယ်လို့ လူက ပေါက်ကရတွေ မေးလာရင် AI ကလည်း အဓိပ္ပါယ်မရှိတာတွေပဲ ပြန်ဖြေလာမယ်။ အချက်အလက်တွေလည်း တလွဲတွေ ထုတ်ပေးလာမယ်။ ကြာတော့ AI ရဲ့ အချက်အလက်တိကျမှုတွေ ထိခိုက်လာပြီး ထိရောက်တဲ့အဖြေမပေးနိုင်တာတွေ ဖြစ်လာနိုင်ပါတယ်။
နောက်ဆို AI က တကယ်မရှိတာတွေ လုပ်ကြံအဖြေပေးတာမျိုး ဖြစ်လာနိုင်ပါတယ်။ ဒါကို AI ထင်ယောင်ထင်မှားဖြစ်မှု hallucination လို့ ပြောကြပါတယ်။ AI model တွေ ဖွံ့ဖြိုးမှု ထိခိုက်သလို အဓိပ္ပါယ်မရှိတဲ့ မေးခွန်းတွေအတွက် အချိန်လည်း ပိုကုန်ပါတယ်။ ဘယ်သူ့အတွက်မှလည်း အကျိုးမရှိတာမို့ ပေါက်ကရမေးတာမျိုး မလုပ်သင့်ပါဘူး။
(၃) စွမ်းအင်အရင်းအမြစ် ပြုန်းတီးတယ်
ဒီအချက်ကလည်း တော်တော်အရေးကြီးပါတယ်။ ChatGPT အပါအဝင် chatbot တွေကို မေးခွန်းတစ်ခုမေးလိုက်တိုင်း ကမ္ဘာကြီးမှာ စွမ်းအင်တွေ အများအပြားသုံးနေရပါတယ်။ စွမ်းအင်သုံးမှုနဲ့ ပတ်သက်လို့ OpenAI CEO ဆမ်အော့တ်မန်ကိုယ်တိုင် ပြောတာ ရှိပါတယ်။
အော့တမန်ပြောပုံအရဆို ChatGPT မှာ query တစ်ခုအတွက် စွမ်းအင် ၀.၃၄ ဝပ် ကုန်ပါတယ်။ ဒါက မီးလုံးတစ်လုံးကို မိနစ်အတော်ကြာပေးနိုင်တဲ့ စွမ်းအင်နဲ့ ညီပါတယ်။ ရေ ၀.၀၀၀၀၈၅ ဂါလန် (လက်ဖက်ရည်တစ်ဇွန်းရဲ့ ၁၅ ပုံ ၁ ပုံ) သုံးပါတယ်။
ChatGPT က တစ်ရက်ကို မေးခွန်းပေါင်း သန်းရာထောင်ချီ ဖြေနေရတာပါ။ Elfsight ရဲ့ အချက်အလက်အရဆို ChatGPT က နေ့စဉ် မေးခွန်းပေါင်း ၁ ဘီလျံဝန်းကျင် ဖြေနေရတယ်လို့ ဆိုပါတယ်။ query တစ်ခုအတွက် ၀.၃၄ ဝပ် သုံးတာနဲ့ တွက်မယ်ဆို တစ်ရက်ကို မီဂါဝပ် ၃၄၀ (၃၄၀,၀၀၀ ကီလိုဝပ်) လောက် သုံးတာလို့ ပြောနိုင်ပါတယ်။
တစ်ရက်လျှပ်စစ် ၁ မီဂါဝပ်က အိမ်ထောင်စုပေါင်း ၄၀၀ ကနေ ၆၇၀ ကို တစ်နှစ် မီးပေးနိုင်တဲ့ စွမ်းအင်ပမာဏဖြစ်လို့ တော်တော်ကြီး အဖိုးတန်တဲ့ စွမ်းအင်အရင်းအမြစ် ဖြစ်ပါတယ်။ ဒီလို အဖိုးတန်အရင်းအမြစ်ကို ပေါက်ကရမေးခွန်းတွေ မေးပြီး မဖြုန်းတီးဖို့လိုပါတယ်။
ChatGPT ပဲဖြစ်ဖြစ် Gemini , DeepSeek , Grok ဘယ် Chatbot ကိုပဲဖြစ်ဖြစ် အကျိုးရှိအောင် သုံးဖို့လိုပါတယ်။ chatbot တွေကို ဗဟုသုတ ၊ နည်းပညာ Skill နဲ့ အလုပ်အကိုင် လူမှုဘဝတိုးတက်ရေးအတွက် ထိရောက်ရှင်းလင်းတဲ့ မေးခွန်းတွေ မေးတာကပဲ ကိုယ့်အဖို့ရော သဘာဝပတ်ဝန်းကျင်အတွက်ပါ အကျိုးရှိတွက်ခြေကိုက်တဲ့ လုပ်ရပ်ပါပဲ။
