10 w - Translate

မိမိတို့တာဝန်ယူပြီးနောက်ပိုင်း သစ်တောပြုန်းတီးမှု ကျဆင်းခဲ့ဟု နစကဥက္ကဋ္ဌပြော
ရန်ကုန်
မိမိတို့တာဝန်ယူပြီးနောက်ပိုင်း သစ်တောပြုန်းတီးမှု သိသိသာသာလျော့နည်း ကျဆင်းခဲ့တာကို တွေ့ရှိရကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇွန်လ ၁၅ ရက်နေ့မှာ ကျင်းပခဲ့တဲ့ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲမှာ ပြောကြားခဲ့ပါတယ်။
သစ်ပင်စိုက်ပျိုးမှု၊ သစ်တောများပြုပြင်ထိန်းသိမ်းမှုကို အလေးထားကြပ်မတ် ဆောင်ရွက်ခဲ့တဲ့အတွက် နှစ်ကာလအလိုက် သစ်တောပြုန်းတီးမှု သိသိသာသာကျဆင်းခဲ့တာလို့ ဆိုပါတယ်။
နိုင်ငံတော်အနေဖြင့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာတဲ့အခါ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို စနစ်တကျ ထိထိရောက်ရောက် ဆောင်ရွက်ပေးခဲ့သလိုမျိုး သဘာဝဘေးအန္တရာယ်တွေ တားဆီးကာကွယ်ရေးနဲ့ နိုင်ငံအဝန်း စိမ်းလန်းစိုပြည် သာယာဝပြောရေးတို့ကို အလေးထားဆောင်ရွက်ပေးနေတယ်လို့ ဆက်ပြောပါတယ်။
ဒါ့အပြင် သစ်တောသယံဇာတတွေ ကာကွယ်ထိန်းသိမ်းခြင်း၊ စီမံအုပ်ချုပ်ခြင်း၊ ပြန်လည်တည်ထောင်ခြင်းနဲ့ တိုးချဲ့စိုက်ပျိုးခြင်းလုပ်ငန်းတွေကို နိုင်ငံတော်ရဲ့ ဦးစားပေးအစီအစဉ်တစ်ရပ်အနေနဲ့ ရေရှည်စီမံချက်တွေ ဖော်ထုတ်ဆောင်ရွက်ပေးနေတယ်လို့လည်း နစကဥက္ကဋ္ဌက ဆက်ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ သစ်တောဖုံးလွှမ်းမှုအနေနဲ့ ၂၀၁၅ ခုနှစ်မှာ နိုင်ငံဧရိယာရဲ့ ၄၂.၉၂ ရာခိုင်နှုန်း၊ ၂၀၂၀ ပြည့်နှစ်မှာ ၄၂.၁၉ ရာခိုင်နှုန်းနဲ့ ၂၀၂၅ ခုနှစ် ပဏာမအစီရင်ခံစာအရ ၄၂.၁၅ ရာခိုင်နှုန်းရှိလို့ သစ်တောပြုန်းတီးမှု အနည်းငယ်ရှိနေတယ်လို့ နစကရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။
ဝါရှင်တန်ဒီစီအခြေစိုက် ကမ္ဘာ့သစ်တောစောင့်ကြည့်ရေးအဖွဲ့ (Global Forest Watch) ရဲ့ ဖော်ပြချက်အရ မြန်မာ့သစ်တောပြုန်းတီးမှုက ၂၀၂၄ ခုနှစ် တစ်နှစ်တည်းမှာတင် ဧကပေါင်း ၇ သိန်း ၁ သောင်းကျော်ရှိနေတယ်လို့ ဆိုပါတယ်။
ရှမ်း၊ တနင်္သာရီ၊ ကချင်၊ စစ်ကိုင်းနဲ့ ကရင်ပြည်နယ်တွေဟာ သစ်တောပြုန်းတီးမှု အများဆုံးနေရာတွေ ဖြစ်နေတယ်လို့ Global Forest Watch က ပြောထားပါတယ်။

image