ILO ကို တရားဝင်စီးပွားရေးလုပ်ငန်းများနှင့် ပူးပေါင်းရန် မြန်မာကုန်သည်/စက်မှုအသင်းချုပ် တိုက်တွန်း
ရန်ကုန်
အပြည်ပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) ကို အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးမယ့် ဥပဒေကို လေးစားလိုက်နာပြီး တာဝန်ယူမှုရှိတဲ့ တရားဝင်စီးပွားရေးလုပ်ငန်းတွေနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်မျာအသင်းချုပ် (UMFCCI) က တိုက်တွန်းထားပါတယ်။
ဇွန်လ ၁၃ ရက်နေ့၊ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ILO ရဲ့ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း အပိုဒ်-၃၃ အရ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်ချမှတ်ခဲ့မှုအပေါ် သဘောထားထုတ်ပြန်ချက်အတွင်း ထည့်သွင်းပြောကြားခဲ့တာပါ။
UMFCCI အနေနဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်ရှင်အဖွဲ့အစည်း (IOE) ထံက ဖိတ်ကြားမှုရရှိခဲ့ပြီး မြန်မာနိုင်ငံအလုပ်ရှင်များကို ကိုယ်စားပြုကာ အသင်းချုပ်ကိုယ်စားလှယ်က ၁၁၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်ရေးရာညီလာခံကို တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
ညီလာခံမှာ ချမှတ်ခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း(၃၃)အရ ဆုံးဖြတ်ချက်ချမှတ်ခြင်းဟာ မြန်မာနိုင်ငံက အလုပ်ရှင်တွေ၊ အလုပ်သမားတွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ ပြည်သူတွေရဲ့ အသက်မွေးဝမ်းကြောင်းကို ထိခိုက်မှုမဖြစ်စေဖို့လည်း သဘောထားထုတ်ပြန်ချက်အတွင်း ဖော်ပြပါတယ်။
မြန်မာနိုင်ငံအနေနဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ရဲ့ အခြေခံပြဋ္ဌာန်းချက်တွေနဲ့ လိုက်နာမှုကို တိုးမြှင့်ဖို့ အလုပ်ရှင်တွေနဲ့ အလုပ်သမားအဖွဲ့အစည်းတွေ အပါအဝင် မြန်မာနိုင်ငံက အခြားဆက်စပ်သူတွေကို အထောက်အပံ့ပြုပေးသွားဖို့ တိုက်တွန်းထားပါတယ်။
မြန်မာအလုပ်ရှင်တွေအနေနဲ့ကလည်း အလုပ်သမားအခွင့်အရေးတွေကို မြှင့်တင်ခြင်း၊ လုပ်ငန်းခွင်ဆက်ဆံရေးတွေကို ကောင်းမွန်အောင် ပြုလုပ်ခြင်းနဲ့ တာဝန်ယူမှုရှိတဲ့ စီးပွားရေးအလေ့အထတွေ၊ လုပ်ငန်းစဉ်တွေကို မြှင့်တင်ဆောင်ရွက်ဖို့လည်း ဆက်လက်တိုက်တွန်းပါတယ်။
UMFCCI အနေနဲ့ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း အပိုဒ်-၃၃ ဆုံးဖြတ်ချက်အရ တိုက်တွန်းအကြံပြုချက်တွေကို အထူးဂရုပြုပြီး ပြည်တွင်းနဲ့ အပြည်ပြည်ဆိုင်ရာ ဆက်စပ်အဖွဲ့အစည်းတွေနဲ့ နီးစပ်စွာ ပူးပေါင်းဆောင်ရွက်မယ်လို့ ဆိုထားပါတယ်။



