#နိုင်ငံတကာသတင်း
◼ရွှေ့ပြောင်းများကို နေရပ်ပြန်ပို့မှုများ တိုးမြှင့်လုပ်ဆောင်ရန် ထရန့်အမိန့်ပေး
အမေရိကန်နိုင်ငံတစ်ဝန်းတွင် ရွှေ့ပြောင်းနေထိုင်သူများအား ထိန်းသိမ်းခြင်းနှင့် နေရပ်ပြန်ပို့ခြင်းများကို တိုးချဲ့သွားရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် က အမိန့်ပေးလိုက်ပြီး ယင်းမူဝါဒများအပေါ် ကန့်ကွက်ဆန္ဒပြမှုများ ရှိနေချိန်မှာပင် ထိုသို့ ပြောကြားခြင်း ဖြစ်သည်။
သမိုင်းတွင် တစ်ကြိမ်တည်းနှင့် အများဆုံး နေရပ်ပြန်ပို့ခြင်း အစီအစဉ် အထမြောက်ရန် ဖက် ဒရယ် အေဂျင်စီများအနေဖြင့် အစွမ်းကုန် ကြိုးပမ်းအားထုတ်ကြရန် ထရန့်က ၎င်း၏ Truth Social လူမှု ကွန်ရက် မှပြောကြားပြီး လော့စ်အိန်ဂျလိစ်၊ ချီကာဂို နှင့် နယူးယောက်တို့မှာ အဓိကပစ်မှတ်များဖြစ်ကြောင်း ပြောသည်။
ဇွန် ၆ ရက်က အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူများအား စီးနင်းဖမ်းဆီးမှုများ စတင်ခဲ့ပြီးနောက် အကြီးမားဆုံး ကန့်ကွက်ဆန္ဒပြပွဲများ လုပ်ဆောင်ခဲ့သည့် မြို့များတွင် ယင်းမြို့ကြီးများလည်း ပါဝင်သည်။
ဆန္ဒပြပွဲများအပေါ် ၎င်း၏ တုံ့ပြန်မှု အထူးသဖြင့် ကန့်ကွက်ဆန္ဒပြပွဲများအား နှိမ်နင်းရန် စစ်တပ်အား အသုံးပြုခြင်းနှင့် ပတ်သက်၍ ဒေါ်နယ်ထရန့်သည် ဝေဖန်မှုများ ၊ ဥဒဒေအရ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။
ရွှေ့ပြောင်းနေထိုင်သူများအား ပြန်ပို့ရန် ကြိုးပမ်းမှုတွင် ရနိုင်သမျှသောအရင်းအမြစ် များကို အသုံးပြုရန် အစိုးရ တစ်ခုလုံးအား ညွှန်ကြားထားကြောင်း ထရန့် ကပြောကြားသည်။
အမေရိကန်နိုင်ငံ၏ ပြည်တွင်းတည်ငြိမ်အေးချမ်းမှုအား ပျက်ပြားအောင်လုပ်သူမှန်သမျှအား နိုင်ငံအတွင်းသို့ ဝင်ရောက်ခြင်းမှ တားဆီးသွားမည်ဖြစ်ကြောင်း ထရန့်က ကတိပြုသည်။
ထို့နောက် မူးယစ်ဆေးဝါးနှိမ်နင်း‌ရေးဌာန (DEA) နှင့် လူဝင်မှုကြီးကြပ်ရေးနှင့်အကောက်ခွန်ဌာန (Ice) တို့အား သတင်းစကားပါးရာ၌ “ ခင်ဗျားတို့ အနေနဲ့ ကျွန်တော့်ရဲ့ မယိမ်းယိုင်တဲ့ ထောက်ခံမှု ရရှိထားပါတယ်။ အခုပဲ သွားပြီး အလုပ်ကို အပြီးပြတ်သတ်လိုက်ပါ” ဟု သမ္မတထရန့် က ပြောကြားသည်။
၎င်း၏ မူဝါဒများအား ဆန့်ကျင်သော ဆန္ဒပြပွဲ အသစ်များ တစ်နိုင်ငံလုံးတွင် ဖြစ်ပွားပြီးနောက် တစ်ရက်မှာပင် ထရန့် ၏ လူမှုမီဒီယာပို့စ် ထွက်ပေါ်လာခြင်းဖြစ်သည်။
ဇွန် ၁၄ ရက်တွင်လော့စ်အိန်ဂျလိစ်မှ နယူး‌ယောက်အထိ မြို့ကြီးအများအပြားတွင် "No Kings" ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ပြီး ယင်းဆန္ဒပြပွဲများသည် ဒေါ်နယ်ထရန့် ၏ (၇၉) နှစ်မြောက်မွေးနေ့၌ ဝါရှင်တန်ဒီစီမြိုတွင် ကျင်းပခဲ့သည့် အမေရိကန် စစ်တပ်ထူထောင်ခြင်း နှစ်ပေါင်း (၂၅၀) ပြည့် အခမ်းအနားများနှင့်လည်း တိုက်ဆိုင်နေသည်။
ယူတားပြည်နယ် ၊ ဆော့လိတ် စီးတီး၌ ကျင်းပခဲ့သော No Kings ဆန္ဒပြပွဲအတွင်း ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကာ လူတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
သတင်း-ရဲမင်း
ကိုးကား-BBC

image