ညောင်ဦးမှာ ကျောင်းအုပ်ဆရာမကြီးနဲ့ ခင်ပွန်းဖြစ်သူ ပစ်သတ်ခံရ
ဇွန် ၁၆ - ၂၀၂၅
SN (VOM)
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ကုန်းဘုရား (ညောင်ပင်ကန်) ကျေးရွာမှာ မနေ့ ဇွန် ၁၅ ရက်၊ မနက်ပိုင်းက အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) မှ ကျောင်းအုပ်ဆရာမကြီးနဲ့ ခင်ပွန်းဖြစ်သူကို လက်နက်ကိုင်လူတစုက ပစ်သတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သေဆုံးသူတွေဟာ ကျောင်းအုပ်ဆရာမကြီး ဒေါ်နီလာဝင်း အသက် (၄၂) နှစ်နဲ့ ခင်ပွန်းဖြစ်သူ ဦးဇော်လတ် အသက် (၄၅) နှစ်တို့ဖြစ်ပြီး မနေ့ မနက် ၈ နာရီကျော်ဝန်းကျင်က ကျောင်းဝန်းအတွင်းရှိ ဝန်ထမ်းလိုင်းခန်းမှာ ညီမဖြစ်သူ၊ သမီးဖြစ်သူတို့နဲ့ အတူရှိနေချိန် လက်နက်ကိုင်ဆောင်ထားသူ ခုနစ်ယောက် ဆိုင်ကယ် လေးစီးနဲ့ ရောက်ရှိလာကာ သတ်ဖြတ်မှု ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
လက်နက်ကိုင်တွေဟာ ကျောင်းအုပ်ဆရာမကြီးနဲ့ ခင်ပွန်းဖြစ်သူကို ဝန်ထမ်း လိုင်းခန်းအတွင်းကနေ ဆွဲခေါ်ပြီး လိုင်းခန်းရှေ့ မြေကွက်လပ်မှာ ပစ်သတ်ခဲ့တာဖြစ်ပြီး ရရှိတဲ့ ဒဏ်ရာတွေနဲ့ပဲ အခင်းဖြစ် နေရာမှာတင် သေဆုံးသွားကြတယ်လို့ သိရပါတယ်။
“သူတို့ ကလေးတွေ ရှေ့မှာတင် အခုလို လုပ်ပစ်လိုက်တော့ ကလေးတွေ စိတ်ထဲ ဘယ်လိုဖြစ်ကျန်ခဲ့မလဲ။ မစဉ်းစားကြတော့ဘူးလား။ ဝန်ထမ်းမိသားစုတွေထဲမှာ ပညာရေးဝန်ထမ်းတွေက သနားစရာ အကောင်းဆုံးပဲ။ အသတ်ခံရတာလည်း အခြေခံဝန်ထမ်းတွေပဲ။ အနှိမ်ခံရတာလည်း အခြေခံ ဝန်ထမ်းတွေပဲ။ အထက်ကိုဖားချင်လို့ အောက်ခြေမှာ အဖိခံရတာလည်း အခြေခံ ဝန်ထမ်းတွေပဲ။ ဒီကြားထဲ ကျောင်းသားမိဘတွေရဲ့ အတိုင်ကိုလည်း ခံကြရသေးတယ်။ ကျောင်းဖွင့်တာတောင် တလမပြည့်သေးဘူး။ ဒီလိုတွေသာ ဆက်ဖြစ်နေမယ်ဆို ဘယ်လိုလုပ်ကြမလဲ။ ဘယ်သူကမှလည်း တာဝန်ယူ မဖြေရှင်းပေးနိုင်ကြဘူး” လို့ ပညာရေးဝန်ထမ်းတယောက်က ပြောပါတယ်။
ဒါအပြင် ပြီးခဲ့တဲ့ ဇွန် ၁၄ ရက်နေ့၊ မနက် ၁၁ နာရီ၊ မိနစ် ၂၀ ဝန်းကျင်ကလည်း မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အမှတ် (၃) ရပ်ကွက်ရှိ အမှတ် (၁၇) အခြေခံပညာ မူလတန်းလွန်ကျောင်းမှ လက်ထောက် မူလတန်းပြဆရာမ ဒေါ်ဇင်မီလှိုင်ကို လက်နက်ကိုင် လူတစုက ဖမ်းဆီး ခေါ်ဆောင်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဒေါ်ဇင်မီလှိုင် နေအိမ်မှာရှိနေချိန် လက်နက်ကိုင်ဆောင်ထားသူ ငါးယောက်က ဆိုင်ကယ် ငါးစီးနဲ့ ရောက်ရှိလာတာဖြစ်ပြီး သူမကို လက်နောက်ပြန် ကြိုးတုပ် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် နတ်မောက်မြို့နယ်၊ ညောင်ကြပ်ပင် ကျေးရွာမှာလည်း မူလတန်းလွန်ကျောင်းအုပ် ဦးမောင်မောင်ထံ လက်နက်ကိုင်အဖွဲ့တွေ ရောက်လာကာ ကျောင်းဖွင့်ပါက သတ်ပစ်မယ်လို့ ခြိမ်းခြောက် ပြောဆိုပြီး ကျောင်းအုပ်ကြီးရဲ့ ဆိုင်ကယ်ကို ယူဆောင်သွားခဲ့တယ်လို့ သိရပါတယ်။
အလားတူ ဇွန် ၁၄ ရက်နေ့၊ မနက် ၉ နာရီဝန်းကျင်ကလည်း မန္တလေး
တိုင်း၊ ညောင်ဦးမြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ သီရိမင်္ဂလာရပ်မှာ Grade-12 တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုဖို့ ရောက်ရှိ တည်းခိုနေကြတဲ့ ညောင်ဦးမြို့နယ်၊ ကုလားတဲကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲမှ ကျောင်းသား၊ ကျောင်းသူ ကိုးယောက်အနက် ခြောက်ယောက်တို့ရဲ့ မိဘတွေကို လက်နက်ကိုင်အဖွဲ့က ခြိမ်းခြောက်ခဲ့တာကြောင့် ကျောင်းသားမိဘတွေက ၎င်းတို့ရဲ့ သား၊ သမီးတွေကို တည်းခိုတဲ့ နေရာကနေ ပြန်လည် ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
ကျန်ရှိနေတဲ့ ကျောင်းသား သုံးယောက်ကိုလည်း ၎င်းတို့ရဲ့ မိဘတွေက လာရောက် ခေါ်ဆောင်မှာဖြစ်တယ်လို့ သိရပြီး လက်ရှိမှာတော့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းမှုတွေ လုပ်ဆောင်ကာ ကျောင်းသား၊ ကျောင်းသူတွေ စာမေးပွဲ ပြန်လည်
ဖြေဆိုနိုင်ရေး စီစဉ် ဆောင်ရွက်ပေးလျက်ရှိတယ်လို့ သိရပါတယ်။
အခုလို ဖမ်းဆီး၊ သတ်ဖြတ်မှု ဖြစ်စဉ်တွေဟာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ရဲ့ ၂၀၂၅ ခုနှစ်၊ ဇွန် ၁၃ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ “အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေ” ထွက်ပေါ်လာပြီး နောက်ပိုင်းမှာ ခပ်စိပ်စိပ် ဖြစ်ပွားလာတာဖြစ်ပြီး အဲဒီ ဥပဒေမှာ အချက် ၇ ချက်ကို ထည့်သွင်း ဖော်ပြထားတာ တွေ့ရပါတယ်။
ဥပဒေမှာ ဖော်ပြထားတဲ့ နောက်ဆုံး သတ္တမမြောက် အချက်မှာ စီဒီအမ် မလုပ်တဲ့ နိုင်ငံ့ဝန်ထမ်းတွေကို ဥပဒေနဲ့အညီ စိစစ်ပြီး ၄င်းတို့ရဲ့ ပြုလုပ်မှု၊ ပျက်ကွက်မှုတွေအပေါ် အရေးယူမှုတွေ ပြုလုပ်ရန် ဆိုပြီး ထည့်သွင်း ဖော်ပြထားတာ တွေ့ရပါတယ်။
ဒါနဲ့ပတ်သက်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ဇွန် ၁၅ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့တာမှာ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုတာဟာ ဥပဒေနဲ့ အာဏာသုံးပြီး လုပ်
ယူဖန်တီးလို့ မရဘူးလို့ ပြောဆိုထားပါတယ်။
CDM လှုပ်ရှားမှုမှာ မပါဝင်သူတွေကို ဥပဒေနဲ့ အရေးယူမည်ဆိုခြင်းက အဆိုပါ အခြေခံသဘောကိုပင် နားမလည်ရာ ရောက်နေပြီး မိမိသဘော ဆန္ဒအလျောက် CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူတွေရဲ့ ဂုဏ်သိက္ခာကိုလည်း ညှိုးနွမ်းစေတယ်လို့ ဆိုပါတယ်။
တော်လှန်ရေးတရပ် ဆင်နွှဲရာမှာ နိုင်ငံရေးဗျူဟာ ဆိုတာဟာ လွန်စွာ အရေးကြီးပြီး မိမိအင်အားစုတွေကို စုစည်း၊ ကြားလူကို စည်းရုံးကာ၊ ရန်သူ့လူတွေကိုပါ ကိုယ့်ဘက်သား ဖြစ်လာဖို့ ကြိုးစား ဆောင်ရွက်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် CRPH ရဲ့ လက်ရှိ ဥပဒေဟာ တော်လှန်ရေး လိုအပ်ချက်နဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတာကို ဝမ်းနည်းဖွယ် တွေ့မြင်ရတယ်လို့ ဆိုပါတယ်။
နစက ယန္တရားအတွင်းမှာ ပြည်သူလူထုကို နေ့စဉ်နဲ့အမျှ ဖိနှိပ် ညှင်းပန်းနေတဲ့ ဝန်ထမ်းများစွာ ရှိနေတာဟာ အားလုံးအသိပဲဖြစ်ပေမယ့် ၎င်းတို့ကို အရေးယူရာမှာ ပြည်သူလူထုအပေါ် ၎င်းတို့ ကျူးလွန်တဲ့ ပြစ်မှုတွေအတိုင်းသာ အရေးယူရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီလိုမဟုတ်ဘဲ CDM လှုပ်ရှားမှုမှာ မပါဝင်တဲ့ ဝန်ထမ်းတိုင်းကို အရေးယူခြင်းဟာ ဒီမိုကရေစီ
စံချိန်စံညွှန်းတွေနဲ့လည်း ကွဲလွဲနေပြီး CRPH အနေနဲ့ မိမိတို့ရဲ့ Non-CDM ဝန်ထမ်းတွေအပေါ် သဘောထားဟာ နစကရဲ့ CDM ဝန်ထမ်းတွေအပေါ်ထားတဲ့ သဘောထားနဲ့ ဘာများ ကွဲပြားပါ
သေးသနည်းဟု မိမိကိုယ်ကိုယ် ပြန်ပြီး မေးခွန်းထုတ်သင့်တယ်လို့ ဆိုပါတယ်။
Non-CDM ဝန်ထမ်းတွေကို အရေးယူမယ့်ကိစ္စဟာ ခံစားချက်ကို အခြေခံကာ လက်ခုပ်သံ ခြူရမယ့် ကိစ္စ မဟုတ်ဘူးလို့ ဆိုပါတယ်။
