#နိုင်ငံတကာသတင်း
◼အီရန်ထိပ်သီးခေါင်းဆောင်အားမသုတ်သင်ရန်အစ္စရေးကိုထရန့်တားမြစ်
အီရန်ထိပ်သီးခေါင်းဆောင် အယာတိုလာအလီခါမေနီအား သုတ်သင်ရန် အစ္စရေး၏ အစီအစဉ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပယ်ချခဲ့ကြောင်း ဘီဘီစီ၏ မိတ်ဖက် သတင်းဌာန CBS အား အမေရိကန်အရာရှိကြီး သုံးဦးက ပြောကြားကြသည်။
ခါမေနီအားသုတ်သင်ခြင်းမှာ စိတ်ကူးကောင်းတစ်ခုမဟုတ်ကြောင်း ထရန့်က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုအား ပြောကြားခဲ့သည်ဟုအရာရှိတစ်ဦးက ပြောသည်။
သို့ရာတွင်သမ္မတထရန့် ကိုယ်တိုင်ကမူ ယင်းကိစ္စကို လူသိရှင်ကြားမှတ်ချက်မပေးသေးပေ။
အစ္စရေးက အီရန်အ‌ပေါ် တိုက်ခိုက်မှုများအား သောကြာနေ့က စတင်ခဲ့ပြီးနောက်ပိုင်း ယင်းပြောဆိုမှု ထွက်ပေါ်ခဲ့သည်ဟု ဆိုသည်။
ဖောက်စ်သတင်းဌာနနှင့်ပြုလုပ်ခဲ့သည့် တွေ့ဆုံမေးမြန်းမှုတွင် အယာတိုလာခါမီနီအားသုတ်သင်ရန်အစီအစဉ်အား ဒေါ်နယ်ထရန့်က ဗီတိုအာဏာဖြင့် ပယ်ချလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်အပေါ် နေတန်ယာဟု က တိုက်ရိုက်အတည်ပြုခြင်းမရှိသလို ငြင်းဆိုခြင်းလည်း မရှိခဲ့ပေ။
မည်သည့်အချိန်ကမျှ မဖြစ်ပေါ်ခဲ့သော ပြောစကားများအကြောင်းကို မှားယွင်းသတင်းပို့မှု အများအပြားရှိကြောင်း ၊ သို့သော် မိမိတို့လုပ်ရန်လိုအပ်သော အရာများကို မိမိတို့ လုပ်ဆောင်နေကြောင်း၊ အမေရိကန်ကလည်း သူတို့အတွက် ‌ကောင်းသည့်အရာကို သိရှိသည်ဟု ထင်ပြီး အကျယ်ချဲ့မပြောလိုကြောင်း နေတန်ယာဟု က ပြောသည်။
အစ္စ‌ရေးအနေဖြင့် မူဝါဒအရ နိုင်ငံရေး‌‌ခေါင်းဆောင်များကို သုတ်သင်လေ့မရှိဘဲ နျူကလီးယားနှင့် စစ်ဘက်သာ အဓိကထားကြောင်း သို့သော်လည်း ယင်းအစီအစဉ်များအား အဆုံးအဖြတ် ပေးနေသူများအနေဖြင့် အေးရာအေးကြောင်း ရှိနေသင့်သည်ဟု မထင်ကြောင်း အစ္စရေးအရာရှိကြီးတစ်ဦးက CBS News အား ပြောကြားသည်။
အီရန်၏ နျူကလီးယား အခြေခံအဆောက်အအုံများနှင့် အခြားနေရာများအား ပစ်မှတ်ထား၍ အစ္စရေးက သောကြာနေ့တွင်စတင်တိုက်ခိုက်ခဲ့သည်။
ယင်းနောက်ပိုင်းတွင် နှစ်ဖက်စလုံးက တစ်ဦးနှင့်တစ်ဦး သဲကြီးမဲကြီး ပစ်ခတ် တိုက်ခိုက်နေကြပြီး ယမန်နေ့တွင် တတိယနေ့မြောက် တိုက်ခိုက်ခဲ့ကြသည်။
ယင်းတတိယမြောက်နေ့မှာပင် အီရန် က ပထမဆုံးအကြိမ် အစ္စရေးအား နေ့ခင်းဘက် စတင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အီရန် နှင့် အစ္စ‌‌ရေး အနေဖြင့် အိန္ဒိယနှင့် ပါကစ္စတန်ကဲ့သို့ သဘောတူညီချက် ရယူသင့်ကြောင်း ဒေါ်နယ်ထရန့်က ၎င်း၏ Truth Social လူမှုမီဒီယာတွင် ပြောကြားသည်။
အီရန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများသည် အမေရိကန်နိုင်ငံနှင့် သက်ဆိုင်ခြင်းမရှိကြောင်း ၊ အီရန်ထံမှ တိုက်ခိုက်မှုများကို မည်သည့်ပုံစံဖြင့် ဖြစ်စေ အမေရိကန်က ကြုံတွေ့ခဲ့ရပါက အ မေရိ ကန် လက်နက်ကိုင်တပ်ဖွဲ့များ၏ အင်အားအပြည့်အဝဖြင့် တိုက်ခိုက်မှုကို အီရန်က ကြုံတွေ့ရမည်ဖြစ်ကြောင်း ဒေါ်နယ်ထရန့်က စနေနေ့တွင် သတိပေးပြောကြားခဲ့သည်။
သတင်း-ရဲမင်း
ကိုးကား-BBC

image