#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ စစ်ကြောင့် အိုးအိမ်များစွန့်ခွာခဲ့ရသူ ကမ္ဘာတစ်ဝန်း ဒုက္ခသည်ဦးရေ ၁၂၂ သန်းကျော်အထိရှိလာ
စစ်ပွဲများနှင့် ဖိနှိပ်ချုပ်ချယ်မှုများကြောင့် ကမ္ဘာလုံးအတိုင်းအတာအရ အိုးအိမ်များစွန့်ခွာထွက်ပြေးခဲ့ကြရသည့် အရပ်သားပြည်သူ အရေအတွက် ယခုနှစ်အတွင်း ၁၂၂ သန်းကျော်အထိ မြင့်တက်လာကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များအေဂျင်စီက ဇွန် ၁၂ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
ဆူဒန်နှင့် ယူကရိန်းနိုင်ငံတို့၌ဖြစ်ပွားနေသော နှစ်ရှည်စစ်ရေးပဋိပက္ခများကဲ့သို့ နိုင်ငံတကာပဋိပက္ခများကို ဖြေရှင်းနိုင်စွမ်းမရှိခြင်းကြောင့် နိုင်ငံတကာရွှေ့ပြောင်းဒုက္ခသည်အရပ်သားပြည်သူအရေအတွက်မှာယခုနှစ်အတွင်း ၁၂၂ သန်း ကျော်အထိ ရှိလာခြင်းဖြစ်ကြောင်း ကုလတာဝန်ရှိသူများက သုံးသပ်ထားသည်။
တစ်ချိန်တည်းမှာပင် အထက်ပါဒုက္ခသည်ပြည်သူများကို ကူညီရေးအတွက် ကုလအပါအဝင်နိုင်ငံတကာအဖွဲ့အစည်းများ သုံးစွဲနိုင်သော ရန်ပုံငွေပမာဏမှာလည်း ၂ဝ၁၅ ခုနှစ် ရန်ပုံငွေပမာဏအဆင့်အထိ ကျဆင်းခဲ့ကြောင်းကုလသမဂ္ဂဒုက္ခသည်များ အေဂျင်စီ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ ၂ဝ၁၅ ခုနှစ်ကမ္ဘာတစ်ဝန်းဒုက္ခသည်အရေအတွက်မှာ ယခုနှစ်ဒုက္ခသည် အရေအတွက်၏ ထက်ဝက်မျှသာရှိခဲ့သည်။
ကုလသမဂ္ဂဒုက္ခသည်များအေဂျင်စီ၏ အဆိုအရ ၂ဝ၂၂ ခုနှစ် ဧပြီလကုန်အရောက်တွင် ကမ္ဘာတစ်ဝန်းရွှေ့ပြောင်းဒုက္ခသည်များ စာရင်းတွင် လူနှစ်သန်းကျော် ထပ်တိုးလာကြောင်း သိရသည်။
ယခုနှစ်အတွင်းကမ္ဘာတစ်ဝန်း ရွှေ့ပြောင်းဒုက္ခသည်အရေအတွက် မြင့်တက်လာမှုသည် ဆူဒန်၊ မြန်မာနှင့်ယူကရိန်း၌ ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခများနှင့် ယင်းစစ်ရေးပဋိပက္ခများအား တားဆီးနိုင်မှုမရှိခြင်းတို့နှင့် ဆက်စပ်နေကြောင်း ကုလသမဂ္ဂက သုံးသပ်ထားသည်။
ရိုက်တာ
