အီရန်က အစ္စရေးကို ဒရုန်းအစင်း ၁၀၀ ကျော်နဲ့ လက်တုံ့ပြန်တိုက်ခိုက်ပြီး စစ်ရေးဆက်လက် တင်းမာ
တီဟီရန်၊ ဇွန်-၁၃-၂၀၂၅
ရတီ (VOM)
နျူကလီးယားစက်ရုံတွေကို အစ္စရေးရဲ့ တိုက်ခိုက်မှု ခံခဲ့ရပြီး အီရန် စစ်ဘက်ထိပ်တန်းခေါင်းဆောင်တွေ သေဆုံးပြီးနောက် အီရန်ဟာ အစ္စရေးဘက်ကို ဒရုန်းရာနဲ့ချီပြီး ပစ်လွှတ်တိုက်ခိုက်ခဲ့ပါတယ်။
အီရန်နဲ့ အမေရိကန်အကြား အိုမန်မှာပြုလုပ်မယ့် နျူကလီးယားဆွေးနွေးပွဲမတိုင်ခင် တရက်အလိုမှာ အစ္စရေးဟာ အီရန်နျူကလီးယားစက်ရုံ ပစ်မှတ်နေရာများစွာကို လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး နန်တက်ဇ်နျူကလီးယားစက်ရုံဟာ အကြိမ်ပေါင်းများစွာ ထိမှန်ခဲ့တယ်လို့ အီရန်နိုင်ငံပိုင် သတင်းဌာနက ဆိုပါတယ်။
အီရန်ရဲ့ ဒရုန်းတိုက်ခိုက်မှုကို အစ္စရေးစစ်တပ်ကလည်း အတည်ပြုထားပြီး ထိခိုက်မှုအခြေအနေကိုတော့ ထုတ်ပြန်တာမျိုးမရှိသေးပါဘူး။
အစ္စရေးရဲ့ တိုက်ခိုက်မှုအတွင်း အီရန်လက်နက်ကိုင်တပ်ဖွဲ့ စစ်ဦးစီးချုပ် မိုဟာမက်ဘက်ဟီရီနဲ့ တော်လှန်ရေးအစောင့်တပ် အကြီးအကဲ ဟူစိန်ဆာလာမီတို့အပါအဝင် နျူကလီးယားပညာရှင်တွေ သေဆုံးသွားတယ်လို့ ပြောပါတယ်။ ဒီလိုအာဏာရှင်ဆန်တဲ့ အစိုးရနဲ့ မဆွေးနွေးသင့်ဘူးလို့ အီရန်က ပြောပါတယ်။
ဒီကနေ့ အရုဏ်မတက်ခင် အီရန်နိုင်ငံအနှံ့ တိုက်ခိုက်မှုတွေစတင်ခဲ့ပြီးနောက် လက်ရှိမှာလည်း တိုက်လေယာဉ်တွေဟာ အီရန်နျူကလီးယားအဆောက်အအုံတွေကို တိုက်ခိုက်နေဆဲဖြစ်ကြောင်း အစ္စရေးစစ်တပ်က ဆိုပါတယ်။
ဒီတိုက်ခိုက်မှုမှာ အမေရိကန် ပါဝင်ပတ်သက်မှု သို့မဟုတ် အကူအညီပေးတာမရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ငြင်းဆိုထားပါတယ်။ အစ္စရေးရဲ့ သမိုင်းမှာ အဆုံးအဖြတ်ပေးရမယ့် အခိုက်အတန့်ပဲလို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ဗီဒီယိုမက်ဆေ့ချ်မှာ ပြောပါတယ်။
တိုက်ခိုက်မှုဟာ Rising Lion စစ်ဆင်ရေးရဲ့ တစိတ်တပိုင်းဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ထုတ်ဖော်ပြောဆိုထားပြီး အီရန်ဟာ အစ္စရေးရဲ့ ရပ်တည်မှုအတွက် ခြိမ်းခြောက်မှုတရပ် ဖြစ်နေတယ်လို့ ဆိုထားကာ နိုင်ငံမှာ အရေးပေါ်အခြေအနေ ကြေညာထားပါတယ်။
Ref:CNA
