#နိုင်ငံတကာသတင်း
◼ အီရန်နျူကလီးယားစခန်းများနှင့် ဒုံးကျည်စက်ရုံများအား အစ္စရေးတိုက်ခိုက်
အီရန်အား အဏုမြူလက်နက် တည်ဆောက်ခြင်းမှ တားဆီးရန် ကြာမြင့်စွာ ဆင်နွဲရမည့် စစ်ဆင်ရေးဟု သတိပေးထားသည့် စစ်ဆင်ရေးအစတွင် အစ္စရေးက အီရန်၏ နျူကလီးယားစခန်းများ၊ ပဲ့ထိန်းဒုံးကျည်ထုတ်လုပ်သောစက်ရုံများနှင့် စစ်ဘက်အကြီးအကဲများအား ပစ်မှတ်ထား၍ ယနေ့ တွင်စတင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အီရန်၏ အဓိကယူရေနီယံသန့်စင်သည့် နာတန့်ဇ် စက်ရုံအပါအဝင် နေရာများစွာတွင် ပေါက်ကွဲမှုများ ဖြစ်ခဲ့ကြောင်း အီရန်မီဒီယာနှင့် မျက်မြင်သက်သေများက ပြောကြားချိန်မှာပင် အီရန်ထံမှ ဒုံးကျည်၊ ဒရုန်းများဖြင့် လက်တုံ့ပြန်တိုက်ခိုက်မှုများကို ကြိုတင်တွက်ဆကာ အစ္စရေးနိုင်ငံတွင် အရေးပေါ် အခြေအနေ ကြေညာထားသည်။
အီရန်နိုင်ငံမှ ထိပ်တန်းတပ်ဖွဲ့ဖြစ်သည့် တော်လှန်ရေးအစောင့်တပ်ဖွဲ့ အကြီးအကဲ ဟော့စိန်ဆာလာမီ သေဆုံးသွားခဲ့ကြောင်း ယင်းတပ်ဖွဲ့ က ထုတ်ပြန်ပြောကြားခဲ့ကာ အဆိုပါတပ်ဖွဲ့၏ တီဟီရန်မြို့ရုံးချုပ်လည်း တိုက်ခိုက်ခံခဲ့ရကြောင်း အီရန်အစိုးရမီဒီယာက တင်ပြသည်။
မြို့တော်လူနေရပ်ကွက်တစ်ခုပေါ် တိုက်ခိုက်မှုကြောင့် ကလေးငယ်များစွာ သေဆုံးခဲ့ကြောင်းလည်း အစိုးရသတင်းက ဖော်ပြသည်။
“ ကျွန်တော်တို့က အစ္စ‌ရေးနိုင်ငံရဲ့ သမိုင်းမှာ ဆုံးဖြတ်ချက်ပြတ်သားရမယ့် အချိန်ကို ရောက်ရှိနေပါတယ်။” ဟု အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု က ရုပ်သံသတင်းစကားတွင် ပြောကြားသည်။
မကြာခင်ကပင် အစ္စရေးနိုင်ငံရှင်သန်ရပ်တည်မှုအပေါ် အီရန်ရဲ့ခြိမ်းခြောက်မှုကို နောက်ဆုတ်သွားစေရန် ပစ်မှတ်ရှာတိုက်ခိုက်သည့် Operation Rising Lion စစ်ဆင်ရေးကို စတင်လိုက်ကြောင်း နှင့် အစ္စရေးတို့၏ စစ်ဆင်ရေးမှာ အီရန်၏ ခြိမ်းခြောက်မှုကို ဖယ်ရှားရန် လိုအပ်သလောက် ကြာမြင့်မည်ဖြစ်ကြောင်း နေတန်ယာဟု က ပြောသည်။
အစ္စရေးက ကောက်ကျစ်စဉ်းလဲပြီး သွေးစွန်းနေသောလက်ဖြင့် အီရန်အပေါ် ပြစ်မှု ကျူးလွန်ခဲ့ကြောင်း နှင့် ၎င်းတို့ကိုယ်တိုင်အတွက်လည်း ခါးသီးသောကံကြမ္မာ ရရှိလိမ့်မည် ဖြစ်ကြောင်း အီရန် ထိပ်သီးခေါင်းဆောင် အယာတိုလာအလီ ခါမေနီ က ထုတ်ပြန်ပြောကြားသည်။
အီရန်နိုင်ငံအလယ်ပိုင်းမှ နာတန့်ဇ်စက်ရုံအပါအဝင် အီရန်၏ နျူကလီးယားနှင့် စစ်ရေးပစ်မှတ် ဒါဇင်ပေါင်းများစွာကို အစ္စရေးက တိုက်ခိုက်နေကြောင်း အစ္စရေးစစ်ဘက်အရာရှိကြီးတစ်ဦးက ပြောကြားသည်။
ရက်ပိုင်းအတွင်း နျူကလီးယားဗုံး ၁၅ လုံး ထုတ်လုပ်နိုင်သော ပစ္စည်းများကို အီရန်က ပိုင်ဆိုင်ထားကြောင်း အဆိုပါအရာရှိက ဆက်လက်ပြောကြားသည်။
ကမ္ဘာပေါ်တွင် ရေနံများ အဓိကထုတ်လုပ်တင်ပို့ရာ အရှေ့အလယ်ပိုင်းတွင် တင်းမာမှုများ ပိုမိုမြင့်တက်စေနိုင်သည့် စစ်ဆင်ရေးများတွင် ၎င်းတို့ပါဝင်ပတ်သက်မှုမရှိကြောင်း အမေရိကန် က ပြောကြားပြီး အစ္စရေးက တစ်ကိုယ်တော် စစ်ဆင်ခြင်းဖြစ်ကြောင်း ပြောသည်။
ကျယ်ပြန့်သော လေကြောင်းတိုက်ခိုက်မှုများအပြင် အစ္စရေးမော့ဆက် ထောက်လှမ်းရေးအေဂျင်စီ က အီရန် နိုင်ငံထဲ၌လျှို့ဝှက်အဖျက်အမှောင့်စစ်ဆင်ရေးများလည်းလုပ်ဆောင်ခဲ့ကြောင်းအစ္စ‌ရေးထိပ်တန်းအရာရှိကြီးတစ်ဦးအား ကိုးကား၍ အမေရိကန် Axios သတင်းဌာနက တင်ပြခဲ့သည်။
ယင်းစစ်ဆင်ရေးအားလုံးမှာ အီရန်၏ မဟာဗျူဟာမြောက် ဒုံးကျည်စခန်းများနှင့် လေ ကြောင်း ကာ ကွယ် ရေးစွမ်းရည်များကို ဖျက်ဆီးပစ်ရန် ဖြစ်ကြောင်း သိရသည်။
တီဟီရန်မြို့တော်အပေါ် အစ္စရေး၏တိုက်ခိုက်မှုအတွင်း အီရန်၏ နျူကလီးယားသိပ္ပံပညာရှင်နှစ်ဦးဖြစ်သော ဖယ်ရေဒွန်အဘက်စီ နှင့် မိုဟာမက်မေဒီတီရန်ချီ တို့ သေဆုံးသွားကြောင်း အီရန်နိုင်ငံတော်မီဒီယာက ဖော်ပြသည်။
အစ္စရေးနိုင်ငံတွင် တဲလ်အဗစ်မြို့ ဘင်ဂူရီယန် လေဆိပ်အား ယာယီပိတ်ထားလိုက်ပြီး အီရန်တို့၏ လက် တုံ့ပြန် တိုက်ခိုက်မှုများအတွက် လေကြောင်းကာကွယ်ရေးအဖွဲ့များကို အသင့်ပြင်ခိုင်းထားသည်။
အီရန်အပေါ် အစ္စရေးက ကြိုတင်လက်ဦးမှုယူတိုက်ခိုက်ခဲ့ပြီးနောက် အီရန် က အစ္စရေး နိုင်ငံ နှင့်အရပ်သားလူထုအပေါ် ဒုံးကျည်များ ၊ဒရုန်းများဖြင့် လက်တုံ့ပြန်လာမည်ဟု မျှော်လင့်ထားကြောင်း အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်က ပြောကြားသည်။
အစ္စ‌ရေးစစ်တပ်က တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကို ဆင့်ခေါ်ထားကာ နယ်စပ်ဒေသအားလုံးတွင် အသင့် ပြင်ဆင်ခိုင်းထားကြောင်း အစ္စရေးစစ်ဘက် အကြီးအကဲ အီယယ်ဇာမာက ပြောကြားသည်။
ထိုအတောအတွင်းမှာပင် အစ္စရေးက အီရန် အား တိုက်ခိုက်မှုနှင့်ပတ်သက်၍ အစ္စရေးနိုင်ငံခြားရေးဝန်ကြီး ဂစ် ဒီယွန်ဆားက ကမ္ဘာတစ်ဝန်းမှ နိုင်ငံခြားရေးဝန်ကြီးအများအပြားကို ဆက်တိုက် ဖုန်းခေါ်ဆိုနေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ယနေ့နံနက်ပိုင်းမှာပင် အမျိုးသားလုံခြုံရေးအစည်းအဝေးကို ခေါ်ယူသွား မည်ဖြစ်ပြီး အီရန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုဖြစ်ပေါ်လာနိုင်ကြောင်း ယမန်‌နေ့တွင် ပြော ကြားခဲ့သည်။
အမေရိကန်စစ်ဘက်ကလည်း အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်လာနိုင်သည့် အရေးပေါ်အခြေအနေအားလုံးအတွက် ပြင်ဆင်နေပြီး အမေရိကန်အရပ်သားများအား ကယ်ထုတ်ရနိုင်ခြေလည်း ပါဝင်ကြောင်းအရာရှိကြီးတစ်ဦးက ရိုက်တာအား ပြောကြားသည်။
အစ္စရေး နှင့် ၎င်းတို့၏ အဓိကမဟာမိတ် အမေရိကန်အနေဖြင့် တန်ဖိုးကြီးကြီးပေးဆပ်ရလိမ့်မည်ဖြစ်ကြောင်း အီရန်လက်နက်ကိုင်တပ်ဖွဲ့များ၏ ပြော‌ရေးဆိုခွင့်ရှိသူ က ပြောကြားသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters

image