ဂျပန် ဇင်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးဖြစ်သူ Shunmyo Masuno ရဲ့ How to Let Things Go စာအုပ်ကို ဆရာလူချိုက လွှတ်ချတတ်ပါစေ အမည်နဲ့ ဘာသာပြန်ထားပါတယ်။ ဆရာလူချိုဟာ Shunmyo Masuno ရဲ့ အခြားသော နာမည်ကြီးစာအုပ်များဖြစ်တဲ့ "Zen: The Art of Simple Living" (2019) နဲ့ "Don't Worry: 48 Lessons on Relieving Anxiety from a Zen Buddhist Monk" (2022) တို့ကို မြန်မာဘာသာသို့ ပြန်ဆိုခဲ့သူလည်း ဖြစ်ပါတယ်။ How to Let Things Go စာအုပ်ကတော့ Shunmyo Masuno ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့စာအုပ်ဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလမှာ ထွက်ရှိခဲ့တာပါ။
လွှတ်ချတတ်ပါစေ စာအုပ်မှာ ခေတ်သစ်လူနေမှုဘဝရဲ့ ဖိစီးမှုတွေနဲ့ ရုန်းကန်နေရသူတို့အတွက် စိတ်ရဲ့ဝန်ထုတ်ဝန်ပိုးတွေကို လျှော့ချပြီး ငြိမ်းချမ်းတဲ့ဘဝကို ဘယ်လိုမျိုး ရရှိနိုင်မလဲဆိုတာကို လက်တွေ့ကျကျ လမ်းညွှန်ပေးထားပါတယ်။ ခေတ်ရဲ့ တောင်းဆိုမှုအရ ဖြစ်ပေါ်လာတဲ့ ဖိစီးမှုတွေနဲ့ ရှင်သန်နေရတဲ့ လောကကြီးထဲမှာ ဘယ်လိုမျိုး စိတ်ကို ပေါ့ပါးစေမလဲ၊ မလိုအပ်တဲ့ အရာတွေကို ဘယ်လိုမျိုး စွန့်လွှတ်ရမလဲဆိုတာကို ဇင်ဗုဒ္ဓဘာသာ (Zen Buddhism) ရဲ့ သင်ကြားမှုတွေနဲ့ ပေါင်းစပ်ပြီး လမ်းညွှန်ပေးထားတဲ့ စာအုပ်တစ်အုပ်ဆိုရင်လည်း မမှားပါဘူး။
How to Let Things Go ကနေ ကျွန်တော်တို့ သင်ယူနိုင်မှာက စွန့်လွှတ်ခြင်းရဲ့ အရေးပါမှု၊ ထိန်းချုပ်မှုကို လျှော့ချခြင်း၊ ရိုးရှင်းစွာ နေထိုင်ခြင်း၊ စိတ်တည်ငြိမ်အေးချမ်းမှုကို ရှာဖွေခြင်းနဲ့ လက်တွေ့ကျတဲ့ နည်းလမ်း ၉၉ ချက်တို့ ဖြစ်ပါတယ်။ ဒီစာအုပ်ဟာ ခေတ်သစ်လူနေမှုဘဝရဲ့ ဖိစီးမှုမှု ကြုံနေရသူတွေ၊ သတင်းအချက်အလက်တွေနဲ့ အလွန်အကျွံ ရင်ဆိုင်နေရပြီး စိတ်ရောကိုယ်ပါ ပင်ပန်းနေသူတွေ၊ စိတ်ဖိစီးမှုကို လျှော့ချကာ ပိုမိုတည်ငြိမ်ပြီး ပြည့်စုံတဲ့ဘဝကို နေထိုင်လိုသူတွေအတွက် အထူးပဲ သင့်တော်လှပါတယ်။ ဇင်ဗုဒ္ဓဘာသာရဲ့ သင်ကြားမှုတွေကို လက်တွေ့ကျတဲ့ နည်းလမ်းတွေနဲ့ ပေါင်းစပ်ထားတာကြောင့် ဘာသာရေးနောက်ခံ မရှိသူတို့အတွက်လည်း ဖတ်ရှုရလွယ်ကူပြီး အကျိုးရှိစေမယ့် စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
