Aung La Nsang ရဲ့ ချန်ပီယံခါးပတ်အရေအတွက်
UFC အဖွဲ့အစည်း၊ PFL အဖွဲ့အစည်းနဲ့ ONE Championship တွေမှာ ချန်ပီယံလုပွဲတွေ ကျင်းပကြတယ်။ အဖွဲ့အစည်းက အနိုင်ရသူကို ခါးပတ်အသစ်ချီးမြှင့်ပါတယ်။ ချန်ပီယံက ခါးပတ်အပိုင်ရတယ်။ နောက်ပွဲမှာ ရှုံးသွားရင်လည်း ချန်ပီယံဘွဲ့ (ဂုဏ်ပုဒ်) ပဲ ပြုတ်မှာပါ။ ရထားတဲ့ ခါးပတ်ကို လာမသိမ်းပါဘူး။ ဒီအချက်က လွယ်သလိုလိုရှိပေမယ့် လူတိုင်းမသိသေးကြသေးလို့ တင်ပေးရတာပါ။
Aung La Nsang က Bellator အဖွဲ့အစည်းနဲ့ Cage Fury အဖွဲ့အစည်းအပါအဝင် တခြားဒေသတွင်း အဖွဲ့အစည်းတွေမှာ ကျင်လည်ခဲ့ဖူးပေမယ့် ခါးပတ်ပွဲမထိုးဖူးသေးဘူး။ ONE Championship ကို ရောက်မှပဲ ခါးပတ်ပွဲထိုးဖူးတာပါ။ မစ်ဒယ်ဝိတ်ခါးပတ်အကြောင်းကို အရင်ပြောမယ်။
Aung La Nsang က Vitaly Bigdash ကိုနိုင်ပြီး မစ်ဒယ်ဝိတ်ချန်ပီယံဖြစ်တယ်။ ခါးပတ် (၁) ခုရတယ်။ မစ်ဒယ်ဝိတ်ချန်ပီယံကာကွယ်ပွဲမှာလည်း Aung La Nsang က Ken Hasegawa (၂ ကြိမ်) နဲ့ Mohammad Karaki တို့ကို နိုင်ထားတယ်။ ခါးပတ် (၃) ခုထပ်ရတယ်။ မစ်ဒယ်ဝိတ်ခါးပတ်က စုစုပေါင်း (၄) ခုရှိပါတယ်။
လိုက်ဟဲဗီးဝိတ်ခါးပတ်ကို ရှင်းရအောင်။ Aung La Nsang က Alexandre Machado ကို အလဲထိုးပြီး လိုက်ဟဲဗီးဝိတ်ချန်ပီယံဖြစ်တာပါ။ ခါးပတ် (၁) ခုရတယ်။ လိုက်ဟဲဗီးဝိတ်ချန်ပီယံကာကွယ်ပွဲမှာလည်း Brandon Vera ကို အလဲထိုးခဲ့လို့ နောက်ထပ်ခါးပတ်ရတယ်။ လိုက်ဟဲဗီးဝိတ်ခါးပတ်က စုစုပေါင်း (၂) ခုရှိပါတယ်။ စာရင်းချုပ်ရရင် Aung La Nsang က ချန်ပီယံခါးပတ် (၆) ခုရှိပါတယ်။
