ရုရှားကို ဗီဇာကင်းလွတ်ခွင့်ပြုထားပေမယ့် အလည်အပတ် သီးသန့်လာသူနည်းပါး
ဇွန်- ၁၃၊ ၂၀၂၅
GG (VOM)
ရရှားနိုင်ငံသားတွေကို မြန်မာနိုင်ငံကို ဗီဇာကင်းလွတ်ခွင့်နဲ့ ဝင်ရောက် ခွင့်ပြုထားပေမယ့် အလည်အပတ်လာရောက်သူ နည်းပြီး စီးပွားရေးဗီဇာနဲ့သာလာရောက်မှု များနေတယ်လို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရပါတယ်။
ရရှားနိုင်ငံသားတွေကို ဗီဇာကင်းလွတ်ခွင့်နဲ့ ဝင်ရောက်ခွင့်ကို နစကမှ တနှစ်သက်တမ်းနဲ့ စမ်းသပ်ခွင့်ပြုပေးထားတာဖြစ်ပေမယ့် ပြည်တွင်း နိုင်ငံရေးအခြေအနေ နဲ့ ရုရှားနိုင်ငံမှာဖြစ်ပွားနေတဲ့ စစ်ရေးအခြေအနေတွေကြောင့် ရရှား ခရီးသွားဧည့်သည်ဝင်ရောက်မှုက မရှိသလောက်နည်းနေတာဖြစ်တယ်လို့သိရပါတယ်။
" ရရှားကိုက ဗီဇာကင်းလွတ်ခွင့်နဲ့ ဝင်ခွင့်ပြုထားတာကြာပါပြီ။ဒါပေမယ့် အလည်အပတ်ဗီဇာနဲ့လာသူတော့နည်းတယ်။ Business ဗီဇာနဲ့လာသူကပိုများပါတယ်။ကျွန်တော်တို့ကဗီဇာကင်းလွတ်ခွင့်ပေးထားပေမယ့်လည်း သူတို့နိုင်ငံမှာက စစ်ဖြစ်နေတော့ ဘယ်လာကြမလဲ။" လို့ ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာနမှ တာဝန်ရှိသူကပြောပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်တဲ့ ပြည်ပ နိုင်ငံ ၅၀ ကျော်ထဲမှာဆိုရင် ရုရှားနိုင်ငံက ရင်းနှီးမြှုပ်နှံမှု အရင်းအနှီးပမာဏအနေနဲ့ အဆင့် ၂၀ မှာ ရှိနေတယ်လို့သိရပါတယ်။
ယခုနှစ် မတ်လဆန်းပိုင်းတုန်းက နစကဥက္ကဌရဲ့ ရုရှားခရီးစဉ်မှာလည်း မြန်မာ - ရုရှား နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် ၁၀ ခုကို လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့သိရပါတယ်။
အဲဒီသဘောတူညီချက်တွေထဲမှာ မြန်မာပြည်မှာ ရုရှားရဲ့ထောက်ပံ့မှုနဲ့ အသေးစား နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး၊ ဆိပ်ကမ်းနဲ့ ရေနံချက်စက်ရုံ တည်ဆောက်ရေး အပါအဝင် ထားဝယ်အထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံဖို့အပါအဝင် စတဲ့ သဘောတူညီချက်တွေ ပါဝင်ခဲ့တယ်လို့သိရပါတယ်။
ရရှားနိုင်ငံသားတွေကိုသာ ဗီဇာကင်းလွတ်ခွင့်နဲ့ ဝင်ရောက်ခွင့်ကို နစကဘက်မှခွင့်ပြုထားခြင်းဖြစ်ပြီး ရုရှားဘက်မှတော့ မြန်မာနိုင်ငံသားတွေကို ဗီဇာကင်းလွတ်ခွင့်နဲ့ ဝင်ခွင့်ပြုထားတာမျိုးမရှိသေးဘူးလို့သိရပါတယ်။
ဒါကြောင့် မြန်မာ-ရုရှား နှစ်နိုင်ငံ အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်နဲ့ဝင်ရောက်ခွင့်ရရှိရေးအတွက် ဇွန် ၁၀ ရက်နေ့ကပြုလုပ်ခဲ့တဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့မှာ ကျင်းပတဲ့ ၅ ကြိမ်မြောက် မော်စကို နိုင်ငံတကာ ခရီးသွားဖိုရမ်နှင့် ခရီးသွားပြပွဲ ဖွင့်ပွဲ မှာ နှစ်နိုင်ငံ ဆွေးနွေးမှုပြုလုပ်ခဲ့ကြတယ်လို့သိရ ပါတယ်။
" ရရှားက အစိုးရနဲ့ရင်းနှီးမြှုပ်နှံဖို့လာကြတာပဲရှိတယ်။ရရှားကို ဗီဇာကင်းလွတ်ခွင့်နဲ့ ဝင်ခွင့်ပြုတာကလည်းမြန်မာဘက်က ကြေငြာထားတာပေါ့။ နှစ်နိုင်ငံအပြန်အလှန် ဗီဇာကင်းလွတ်ခွင့်နဲ့ သွားရဖို့ကတော့ ဆွေးနွေးနေကြတဲ့အဆင့်မှာပါ။ခရီးသွားကဏ္ဍကတော့ကျနေတာကြာပါပြီ။" လို့ ခရီးသွားလုပ်ငန်းရှင်တယောက်ကပြောပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်စတင်ဖြစ်ပွားတဲ့ ၂၀၂၀ ခုနှစ် ခကတည်းက ပြည်ပခရီးသွားဧည့်သည်ဝင်ရောက်မှုကျဆင်းခဲ့ပြီးနောက် နိုင်ငံရေးအပြောင်းအလဲကြောင့်လည်း ပြည်တွင်းမှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် ပြည်ပခရီးသွားဧည့်သည်ဝင်ရောက်မှုဆက်တိုက်ကျဆင်းလာနေတာဖြစ်ပါတယ်။
ယခု ၂၀၂၅ ခုနှစ် ဇန်နဝါရီမှ မေလကုန်အထိကို မြန်မာနိုင်ငံကို ခရီးသွားဧည့်သည်ဝင်ရောက်မှုမှာ ၁၁၈၀၀၀ ကျော်ရှိခဲ့ပြီး အလည်အပတ်ထက် စီးပွားရေးဗီဇာနဲ့လာရောက်သူများတယ်လို့ သိရပါတယ်။

image