2 w - Translate

နှလုံးရောဂါကို ၇ စက္ကန့်နဲ့ သိနိုင်မယ့် app ရေးခဲ့တဲ့ ဆယ်ကျော်သက်
ကမ္ဘာ့လူသေနှုန်း ၃ ပုံ ၁ ပုံရဲ့ လက်သည်ဖြစ်တဲ့ နှလုံးရောဂါကို စက္ကန့်ပိုင်းနဲ့ သိနိုင်တဲ့ စမတ်ဖုန်း app တစ်ခု ထွက်ခဲ့ပါတယ်။
နှလုံးရောဂါရဲ့ ကနဦးလက္စဏာတွေသိဖို့ ဒီ app က ၇ စက္ကန့်ပဲ ကြာပါတယ်။ ဒီ app ကို Circadian AI လို့ ခေါ်ပြီး အမေရိကန်နဲ့ အိန္ဒိယက လူနာ ၁၈၅၀၀ ကျော်မှာ စမ်းသပ်ခဲ့ပါတယ်။ app က ထွက်တဲ့ ရလဒ်ရဲ့တိကျမှုကလည်း ၉၆% နဲ့ အထက်မှာ ရှိပါတယ်။
Circadian AI ကို ဖန်တီးသူက တက္ကဆက်ပြည်နယ် ၊ ဖရစ္စကိုက အိန္ဒိယ-အမေရိကန်ဖွား ဆစ်ဒ်ဟာ့သ် နန်ဒရာလာဆိုတဲ့ အသက် ၁၄ နှစ်အရွယ် ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ပါ။ သူ့စိတ်ကူးက ဖုန်းကို ရင်ဘတ်နား ကပ်ထားလိုက်တာနဲ့ နှလုံးခုန်နှုန်းအနေအထား မှန်မမှန်၊ နှလုံးရောဂါဖြစ်ဖို့ အစပျိုးနေတာ ဟုတ်မဟုတ် သိနိုင်အောင်ပါ။
ဖုန်းမှာပါတဲ့ မိုက်ကနေ နှလုံးခုန်သံကို app က ဆူညံသံတွေ စစ်ထုတ်နားထောင်ပြီး နှလုံးခုန်နှုန်းအချက်အလက်တွေကို Cloud အခြေခံ Machine learning မော်ဒယ်ဆီ ပို့ပြီး သရုပ်ခွဲဆန်းစစ်ပါတယ်။ နန်ဒရာလာက သူ့ app အချက်အလက်တိကျဖို့ အမေရိကန်နဲ့ အိန္ဒိယက ဆေးရုံတွေကို သွားပြီး ဒေတာစုဆောင်းတာ ၊ ဆေးဘက်ဆိုင်ရာပညာရှင်တွေ ၊ လူနာတွေနဲ့ တွေ့ဆုံမေးမြန်းတာတွေ လုပ်ပါတယ်။
Circadian AI ကို လေ့ကျင့်ထားတဲ့ ပရော်ဖက်ရှင်နယ်သုံး ရောဂါတင်ကြိုကြည့် pre-screen tool အနေနဲ့ ထုတ်တာဖြစ်ပြီး ECG ရောဂါရှာစက်တွေနေရာကို အစားထိုးဖို့ မရည်ရွယ်ဘူးလို့လည်း နန်ဒရာလာက ပြောပါတယ်။ ဆေးဘက်ဆိုင်ရာပညာရှင်တွေကတော့ နန်ဒရာလာရဲ့ app ကို အဆင့်မြင့်ဆေးဝါးကုသမှုအတွက် အလားအလာတစ်ခုအဖြစ် ချီးကျူးနေကြပါတယ်။
နန်ဒရာလာဟာ အရင်ကလည်း ဆေးဘက်ဆိုင်ရာ နည်းပညာဖန်တီးမှုတွေ လုပ်ထားတဲ့ ထူးချွန်လူငယ်ပါ။ Circadian AI မတိုင်ခင် သူဟာ ဒေါ်လာ ၁၅၀ ဝန်းကျင်ပဲ ကျသင့်မယ့် တန်ဖိုးနည်းလက်တုတစ်မျိုး ဒီဇိုင်းထုတ်ခဲ့သလို ကလေးတွေအတွက် သိပ္ပံနဲ့နည်းပညာ kits တွေ ဖန်တီးမယ့် STEM IT ဆိုတဲ့ startup တစ်ခုလည်း တည်ထောင်ခဲ့ပါတယ်။
နန်ဒရာလာရဲ့ တီထွင်ကြိုးပမ်းချက်တွေအတွက် သမ္မတဟောင်း ဂျိုးဘိုင်ဒင်က ဂုဏ်ပြုမှတ်တမ်းတစ်စောင် ပေးပို့ခဲ့သလို အမေရိကန်အောက်လွှတ်တော်ရဲ့ အသိအမှတ်ပြုလက်မှတ် ရခဲ့ပါတယ်။ နန်ဒရာလာဟာ အခုတော့ University of Texas မှာ ကွန်ပျူတာသိပ္ပံဘာသာရပ်လေ့လာနေပြီး Circadian AI ကိုလည်း နမိုးနီးယားလို အဆုတ်နဲ့ဆိုင်တဲ့ ရောဂါတွေ သိနိုင်အောင် တိုးချဲ့ဖို့ ကြိုးစားနေပါတယ်။

image