စကားများရန်ဖြစ်တာကို မကျေနပ်လို စာရေးကို နေ့စားရုံးအကူက ဓားနဲ့ထိုးသတ်
******************
စကားများရန်ဖြစ်တာကိုမကျေနပ်တာကြောင့် စစ်ရှောင်တွဲဖက်တာဝန်ထမ်းဆောင်နေတဲ့ ရုံးစာရေးကို မြို့နယ်ထွေအုပ်ရုံးအကူက ဓားနဲ့ထိုးသတ်မှု မရမ်းကုန်းမြို့နယ်မှာဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မရမ်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးရှေ့မှာ ဒီနေ့ ဇွန်လ ၁၁ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့်ကဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
ယခင်ရက်က စကားများရန်ဖြစ်တာကိုမကျေနပ်တာကြောင့် သံတွဲခရိုင်ထွေအုပ်ရုံးကနေ မရမ်းကုန်းမြို့နယ်ထွေအုပ်ရုံးမှာ စစ်ရှောင်တွဲဖက်တာဝန်ထမ်းဆောင်နေတဲ့ ဦးအောင်မြင့်မြတ်(၃၆နှစ်)ကို တစ်ရုံးတည်းနေ နေ့စားရုံးအကူ ဦးကျော်စိုးမင်း(၅၃နှစ်) က ဓားနဲ့ထိုးသတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။
နေ့စားရုံးအကူက သေဆုံးသူရဲ့ ယာဘက်ရင်အုံကို ဓါးနဲ့ထိုးသွင်းခဲ့တာကြောင့် နေရာတွင် သေဆုံးခဲ့ရပြီး တရားခံမှာထွက်ပြေးတိမ်းရှောင်သွားတာကြောင့် ရဲတပ်ဖွဲ့ကလိုက်လံဖမ်းဆီးနေတယ်လို့ သိရပါတယ်။
