#ပြည်တွင်းသတင်း
◼တိုင်းနှင့်ပြည်နယ်အချို့တွင် ရက်ရှည်မိုးရွာမည်
လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် တိုင်းနှင့်ပြည်နယ်အချို့တွင် ရက်ရှည်မိုးရွာမည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကခန့်မှန်းချက်ထုတ်ပြန်ထားသည်။
ယနေ့(ဇွန် ၁၁ ရက်မှ ၂၀ ရက်) အတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်းတစ်ကြိမ်ဖြစ်ပေါ်နိုင်ကြောင်း၊ လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် အဆိုပါ ရက်များအတွင်း နေပြည်တော်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် ရွာသွန်းမြဲထက် ပိုနိုင်ပြီး၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့်အရှေ့ပိုင်း)တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
မိုးရွာသွန်းမှုရက်များအနေဖြင့် နေပြည်တော်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင် ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ် နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း နှင့် တောင်ပိုင်း) တို့တွင် ခုနစ်ရက်မှ ကိုးရက်ခန့်နှင့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း(အောက်ပိုင်း)၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)တို့တွင် လေးရက်မှခြောက်ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းချက်ထုတ်ပြန်ထားသည်။
သတင်း-အင်ကြင်း
ဓာတ်ပုံ-CJ
