ဒီနေ့ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့ မှာ ကျရောက်မယ့် လပြည့်နေ့ဟာ မြောက်အမေရိကတိုက်ရဲ့ ရိုးရာအစဉ်အလာ အမည်ပေးပုံအရ ဇွန်လရဲ့ လပြည့်ကို "Strawberry Moon" လို့ ခေါ်ဆိုကြပါတယ်။
Strawberry Moon ဆိုတာဘာလဲ?
ဒီအမည်ဟာ မြောက်အမေရိကတိုက်က မူရင်းတိုင်းရင်းသားတွေဆီက စတင်ခဲ့တာ ဖြစ်ပါတယ်။ သူတို့ဟာ လရဲ့ လစဉ်ပြောင်းလဲမှုတွေကို သဘာဝပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ အခြင်းအရာတွေနဲ့ ဆက်စပ်ပြီး လပြည့်နေ့တွေကို အမည်ပေးလေ့ရှိပါတယ်။
ဇွန်လဟာ မြောက်ပိုင်းကမ္ဘာခြမ်း (Northern Hemisphere) မှာ နွေရာသီရဲ့အစ ဖြစ်ပါတယ်။ အထူးသဖြင့် ဇွန်လမှာ နှစ်တစ်နှစ်ရဲ့ နေ့အရှည်ဆုံးနေ့ဖြစ်တဲ့ နွေရာသီယဉ်စွန်းချိန် (Summer Solstice) လည်း ကျရောက်တတ်ပါတယ်။
ဒီအချိန်ဟာ တောရိုင်းစတော်ဘယ်ရီသီးတွေ စတင်မှည့်ပြီး ခူးဆွတ်ဖို့ အကောင်းဆုံးအချိန် ဖြစ်ပါတယ်။ ဒါကြောင့် စတော်ဘယ်ရီသီးတွေ ပေါများစွာထွက်ရှိတဲ့ ဒီကာလရဲ့ လပြည့်နေ့ကို "Strawberry Moon" လို့ အလွယ်တကူ မှတ်သားခေါ်ဝေါ်ခဲ့ကြတာပါ။
ဒီအမည်ဟာ နောင်မှာ မြောက်အမေရိကကို ရောက်လာတဲ့ ဥရောပတိုက်သားတွေဆီကို ကူးစက်ပြီး အခုခေတ်အထိ အသုံးများတဲ့ အမည်တစ်ခု ဖြစ်လာပါတယ်။
တစ်ချို့ယဉ်ကျေးမှုတွေမှာ ဇွန်လပြည့်ကို "Honey Moon" (ပျားရည်လ) လို့လည်း ခေါ်ဆိုပါတယ်။ အချို့ကတော့ ဒီအမည်ဟာ ဥရောပ ဇွန်လမှာ လက်ထပ်မင်္ဂလာပွဲတွေ များပြားတာကြောင့်ဖြစ်ပြီး မင်္ဂလာဆောင်ပြီးနောက်ပိုင်း ပျားရည်ဆမ်းခရီး (honeymoon) ဆိုတဲ့ ဝေါဟာရရဲ့ မူလဇစ်မြစ်လို့တောင် ယူဆကြပါတယ်။မြန်မာနိုင်ငံ အတွက်ကတော့ နယုန်လပြည့် ဖြစ်ပါလိမ့်မယ်။
လပြည့်နေ့ ဘာကြောင့်ဖြစ်ပေါ်တာလဲ?
လပြည့်နေ့ ဖြစ်ပေါ်ရတာဟာ နက္ခတ္တသိပ္ပံအရ ကမ္ဘာဟာ နေနဲ့လကြားမှာ တိတိကျကျ ရောက်ရှိနေတဲ့အချိန် (opposition) ဖြစ်လို့ နေရောင်ခြည်က လရဲ့ မျက်နှာပြင်တစ်ခုလုံးကို တိုက်ရိုက်ကျရောက်ပြီး ကမ္ဘာကနေကြည့်ရင် လုံးလုံးလျားလျား လင်းနေတာကို တွေ့ရတာပါ။ ဒီအချိန်မှာ လရဲ့ မျက်နှာပြင်ဟာ နေရောင်ခြည်ကို အပြည့်အဝ ရရှိတာကြောင့် အတောက်ပဆုံးအခြေအနေကို ရောက်ရှိပါတယ်။
မြန်မာနိုင်ငံ ရန်ကုန် မှာတော့ ၂၀၂၅ ခုနှစ်၊ ဇွန်လပြည့်နေ့ကို ဇွန်လ ၁၀ ရက်၊ အင်္ဂါနေ့၊ ညနေ ၅:၂၂ နာရီ (မြန်မာစံတော်ချိန်) မှာ တိတိကျကျ ကျရောက်မှာ ဖြစ်ပါတယ်။ မြန်မာတွေရဲ့ လပြည့်နေ့သတ်မှတ်ချက်နဲ့တော့ တစ်ချို့လတွေမှာ ရက်အနည်းငယ် လွဲတတ်ပါတယ်။ ဒါကတော့ တွက်ချက်တဲ့ပုံစံနဲ့ ပြက္ခဒိန်အသုံးမတူလို့ ဖြစ်ပါတယ်။
ဇွန်လရဲ့ လပြည့်ဝန်းတွေက အမြဲတမ်း နိမ့်နိမ့်လေးပဲရှိတတ်ပေမဲ့ ဒီတစ်ခါ ဇွန်လပြည့်ဝန်းကတော့ ဆယ်စုနှစ်များစွာအတွင်း အနိမ့်ဆုံးအနေအထားဖြစ်ပါလိမ့်မယ်။ အကြောင်းကတော့ ကျွန်တော်တို့ဟာ ၁၈နှစ်တစ်ခါကျရောက်တဲ့ Major Lunar Standstill ကာလအတွင်းမှာ ရှိနေလို့ပါ။မိုးကုတ်စက်ဝိုင်း နဲ့ ကောင်းကင်မျဉ်းနားမှာ နိမ့်နိမ့်လေးကပ်ပြီးတည်ရှိနေပါလိမ့်မယ်။
ဒါ့အပြင် ဇွန်လပြည့်ညဟာ ကမ္ဘာ့နေရာအတော်များများမှာ မြင်တွေ့ရလေ့ရှိတဲ့ ထူးခြားတဲ့ အနီရောင် (သို့မဟုတ် လိမ္မော်ရောင်) သန်းနေတဲ့ လပြည့် ဖြစ်ပါတယ်။ ဇွန်လမှာ လဟာ မိုးကုတ်စက်ဝိုင်းနဲ့ အနီးကပ်ဆုံး ဖြစ်နေတတ်တာကြောင့် နေဝင်ချိန်နဲ့ နေထွက်ချိန်မှာ လေထုထဲက ဖုန်မှုန့်တွေနဲ့ အမှုန်အမွှားတွေက နေကအလင်းကို ပြန့်ကျဲစေပြီး လကို နီဖျော့ဖျော့အရောင် ထွက်ပေါ်စေတာပါ။ လရဲ့ပင်ကို အရောင်ကနီနေမှာမဟုတ်ပဲ လနဲ့ ကျွန်တော်တို့ မျက်စိကြားမှာ ဖုန်မှုန့်တွေက လကို နီသယောင်ထင်ရစေတာမျိုးဖြစ်ပါလိမ့်မယ်။
ဒါကြောင့် ဇွန်လပြည့်ညမှာ လဟာ ပုံမှန်ထက် ပိုပြီးထူးဆန်းတဲ့ အရောင်အသွေးနဲ့ တောက်ပနေတာကို တွေ့မြင်နိုင်ပါတယ်။မိုးတိမ်တွေရှိနေရင်တော့ မြင်ရနိုင်ချေနည်းပါတယ်။ဖြစ်ရိုးဖြစ်စဉ် သဘာဝဖြစ်ရပ်တစ်ခုမလို့ သွေးရောင်လွမ်းနေတယ်၊ဂမ္ဘီရဖြစ်ရပ်တွေကြောင့် ဆိုပြီးပြောနေတာတွေကိုတော့ မယုံကြည်နေသင့်ပါဘူး။
၂၀၂၅ ခုနှစ် ဇွန်လ ၁၀ ရက်နေ့ညမှာ ပေါ်ထွန်းလာမယ့် Strawberry Moon ဟာ သဘာဝရဲ့လေထုပြောင်းလဲမှုနဲ့အတူ ဖြစ်ပေါ်လာတဲ့ ထူးခြားတဲ့အလှကို ပိုင်ဆိုင်ထားတဲ့ လပြည့်ညတစ်ည ဖြစ်ပါတယ်။ ဒီညမှာ အခွင့်သာရင် လရဲ့အလှကို အပြည့်အဝလေ့လာကြည့်ဖို့ ဖိတ်ခေါ်လိုက်ပရစေ။
