ဖိနပ်မစီး ဘော်လီမဝတ်ပဲ ဆိုင်ကယ်စီးသူကို ဒဏ်ရိုက်နေဟု မဟုတ်မမှန်သတင်းထုတ်လွှင့်သူကို ဖမ်းဆီးအရေးယူ
ပေါင်မြို့နယ်မှာ လိုင်စင်မဲ့ယာဉ်တွေဖမ်းဆီးနေတဲ့အဖွဲ့က ဖိနပ်မစီးလာတဲ့အမျိုးသားတစ်ဦးနဲ့ ဘော်လီမဝတ်ပဲ ဆိုင်ကယ်စီးလာတဲ့ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးဒဏ်ရိုက်လိုက်တယ် ဆိုပြီး မဟုတ်မမှန်ရေးသားပြောဆိုခဲ့သူတစ်ဦးကို ရဲ့တပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။
ဒေသတွင်းသတင်းတွေမှာတော့ ပေါင်မြို့ ကဒါရပ်ကွက် မြို့သစ် ၆လမ်းနဲ့ ၇ လမ်းကြား ဘော်လုံးကွင်းရှေ့မှာနေထိုင်တဲ့ ဆိုင်ကယ်ကယ်ရီမောင်းစားသူ ကျော်အာကာဝင်း(ခ)ဖိုးဝ၊ (ဘ)ဦးဝင်းမြင့် ၄၈နှစ် ဆိုသူက ဖိုးဝ ဆိုတဲ့ ဖေ့ဘုတ်အကောင့်ကနေ Live လွှင့်ပြောဆိုခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
သူ့ရဲ့ ဖေ့စ်ဘွတ် Live ထဲမှာတော့ “ကဲ ညနေ လေညှင်းခံထွက်ယင် ဖိနပ်တွေစီးလာကြနော် အခု ဖိနပ်မပါလည်းဖမ်းတယ် မနက်က အနဲ တယောက်လာပြောသွားတယ် ဖိနပ်မပါလို့ ၃သောင်းမိသွားတယ် မြန်မာပြည်မှာလူဖြစ်တာ …” ဆိုပြီးပြောဆိုထားတာဖြစ်တယ်လို့ သိရပါတယ်။
ရဲတပ်ဖွဲ့က ဖိုးဝဆိုသူကို စစ်ဆေးမေးမြန်းခဲ့ရာ သူ့ကိုပြောဆိုခဲ့တဲ့ အနဲဆိုသူကို တိကျစွာပြောဆိုနိုင်တာမရှိတဲ့အပြင် အမျိုးသမီးဆိုသည်မှာလည်း မဟုတ်မမှန်ပြောဆိုခဲ့တာကြောင့် အများပြည်သူ အထိပ်တလန့် ဖြစ်စေဖို့နဲ့ အစိုးရကိုအကြည်ညိုပျက်စေဖို့ ရည်ရွယ်ကာ Live လွှင့်ပြောဆိုထားတာဖြစ်တယ်လို့ ဖော်ထုတ်ရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် မဟုတ်မမှန်ရေးသားပြောဆိုခဲ့သူ ကျော်အာကာဝင်း(ခ)ဖိုးဝ ကို ပေါင်မြို့မရဲစခန်းက ဒုရဲအုပ် ခိုင်ဇော်တင်က တရားလိုပြုလုပ်အမှုတိုင်တန်းရာ ၊ ပေါင်မြို့မရဲစခန်း (ပ)၁၀၉/၂၀၂၅ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ -က နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
