#နိုင်ငံတကာသတင်း
◼တရုတ်လေယာဉ်တင်သင်္ဘောဂျပန်ကျွန်းအနီးမှ ဖြတ်သန်းသွားကြောင်း ဂျပန်အတည်ပြု
တရုတ်လေယာဉ်တင်သင်္ဘောလျောင်နင်းသည် ပစိဖိတ်သမုဒ္ဒရာရှိ အီဝိုဂျီးမား ကျွန်း အရှေ့ဘက်ရေပြင်မှ ပထမဆုံးအကြိမ် ခုတ်မောင်းသွားခဲ့ကြောင်း ဂျပန်အစိုးရ ထိပ်တန်းအရာရှိကြီးက ယနေ့တွင် ပြောကြားသည်။
ဂျပန်က စောင့်ကြည့်ထောက်လှမ်းမှုကို တိုးမြှင့်ကာ လိုအပ်သောသတင်းအချက်အလက်များအား စုဆောင်းသွားမည်ဖြစ်ကြောင်း အစိုးရအဖွဲ့ အတွင်းဝန်ချုပ် ယိုရှီမာဆာ ဟာယာရှိ က တိုကျိုမြို့ ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားကာ ဂျပန်အစိုးရ က တရုတ်အစိုးရသို့ သင့်တင့်လျောက်ပတ်သော သတင်းစကားလည်း ပေးပို့ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
အီဝိုဂျီးမား ကျွန်းသည် တိုကျိုမှ မိုင်ပေါင်း ၆၂၀ အကွာတွင် တည်ရှိသည်။
လျောင်နင်းလေယာဉ်တင်သင်္ဘောသည် အခြားရေယာဉ်များနှင့်အတူ အီဝိုဂျီးမား ကျွန်း၏ အရှေ့ ဘက် အလှမ်‌ဝေးသော မီနာမီတိုရီရှီးမားကျွန်း အနီး ဂျပန်၏ အထူးသီးသန့်စီးပွားရေးဇုန် အတွင်းထဲမှ ဖြတ်သန်းသွားခဲ့ကြောင်း ဂျပန်စစ်ဦးစီးချုပ်ရုံးက သီတင်းပတ်ကုန်က ထုတ်ပြန်ခဲ့သည်။
ယမန်နေ့က အီဝိုဂျီးမားကျွန်း အရှေ့တောင်ဘက်ရေပြင်တွင် လျောင်နင်းလေယာဉ်တင် သင်္ဘောပေါ်သို့ တိုက်လေယာဉ်များနှင့် ရဟတ်ယာဉ်များ အဆင်းအတက်လုပ်ခဲ့သည်ကိုလည်း ဂျပန်က အတည်ပြုခဲ့သည်။
နိုင်ငံတကာဥပဒေ နှင့် အလေ့အထများကို အပြည့်အဝလိုက်နာ ခဲ့ကြောင်း ပြောကြားပြီး တရုတ် နိုင်ငံခြား‌ရေးဝန်ကြီးဌာန က ယနေ့ တနင်္လာနေ့တွင် လေယာဉ်တင်သင်္ဘောခရီးစဉ်ကို ကာကွယ်ပြောကြားခဲ့သည်။
ကာကွယ်မှုဆန်သော အမျိုးသားကာကွယ်‌ရေးမူဝါဒကို တရုတ်နိုင်ငံက အ မြဲတမ်း လိုက်နာကျင့်သုံးခဲ့ကြောင်း နှင့် ယင်းကိစ္စကို ဂျပန်က ဓမ္မဓိဌာန်ကျကျ ၊ ‌ကြောင်းကျိုးသင့် ရှုမြင်သင့်ကြောင်း နိုင်ငံခြား‌‌ရေးဝန်ကြီးဌာန ပြောခွင့်ရသူ လင်ချန်းက ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters

image