#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ အိုကီနာဝါကျွန်း အမေရိကန်လေတပ်စခန်း၌ ပေါက်ကွဲမှုဖြစ်ပွား
ဂျပန်နိုင်ငံ အိုကီနာဝါကျွန်း အမေရိကန်လေတပ်စခန်း၌ ဇွန် ၉ ရက်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ လူပေါင်းလေးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဂျပန်မီဒီယာများက သတင်းထုတ်ပြန်ထားသည်။
ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နေရာမှာ မပေါက်ကွဲခဲ့သည့်ဗုံးများ သိုလှောင်ထားရှိသည့် ဂျပန်အစိုးရပိုင် အဆောက်အအုံတစ်လုံးဖြစ်ကြောင်း အိုကီနာဝါကျွန်းတာဝန်ရှိသူများက ပြောကြားထားသည်။
ဗုံးဟောင်းသိုလှောင်ရုံပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့သူများမှာ ဂျပန်ပြည်စောင့်တပ်ဖွဲ့(အက်စ်ဒီအက်ဖ်)မှ တပ်ဖွဲ့ဝင်လေးဦးဖြစ်ပြီး လက်ရှိတွင် ၎င်းတို့ကိုဆေးရုံသို့ပို့ဆောင်ပေးထားရကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူများ၏ အဆိုအရသိရသည်။
ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်နိုင်ငံသည်ချီတက်လာသော အမေရိကန်တပ်များကို တားဆီးဟန့်တားရေးအတွက်အိုကီနာဝါကျွန်းကို ကြားခံမြေအဖြစ် အသုံးချခဲ့သည်။
၁၉၄၅ ခုနှစ်အိုကီနာဝါတိုက်ပွဲတွင် ပင်မကျွန်းကြီးပေါ်ရှိအရပ်သားလူဦးရေစုစုပေါင်းအနက် လေးပုံတစ်ပုံကျော် သေဆုံးခဲ့ရသည်။
အမေရိကန်ပြည်ထောင်စုသည် ၁၉၇၂ ခုနှစ်တွင် အိုကီနာဝါကျွန်းကို ထိန်းချုပ်ထားမှုအဆုံးသတ်ခဲ့သော်လည်း ဂျပန်နိုင်ငံနှင့်ရယူခဲ့သော နှစ်နိုင်ငံစာချုပ်အရ ကာဒီနာလေတပ်စခန်းကို အိုကီနာဝါကျွန်း၌ ထိုစဉ်ကပင်ဆက်လက်ထားရှိခဲ့သည်။
ရိုက်တာ
