ဓါတ်ပုံကတစ်ဆင့် ဒေါ်လာသန်း ၄၀၀ ဆုံးရှုံးခဲ့ရတဲ့ Coinbase
ပြီးခဲ့တဲ့လက အမေရိကန် Crypto အိတ်ချိန်းလုပ်ငန်းကြီးဖြစ်တဲ့ Coinbase ဆိုက်ဘာတိုက်ခိုက်ခံရပြီး ဒေတာတွေ ပါသွားခဲ့ပါတယ်။
မေလ ၁၅ ရက်နေ့ ဖြစ်စဉ်မှာ Coinbase ဖောက်သည် ၆၉၀၀၀ ကျော် နစ်နာခဲ့ပြီး ကုမ္ပဏီလည်း ဒေါ်လာသန်း ၄၀၀ ဆုံးရှုံးခဲ့ရပါတယ်။ ဒီဖြစ်ရပ်ကို ကုမ္ပဏီက ဇန်နဝါရီလကတည်းက သိခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့လကမှ SEC မှာ ချပြလိုက်တာပါ။
ဒေါ်လာသန်း ၄၀၀ ဆုံးရှုံးရတဲ့ ဒေတာပေါက်ကြားမှုက အိန္ဒိယက ဝန်ထမ်းတစ်ယောက်ရဲ့စနက်ပါတယ်လို့ ဆိုပါတယ်။ Coinbase က ငှားထားတဲ့ outsourcing လုပ်ငန်း TaskUs ရဲ့ အိန္ဒိယဝန်ထမ်းကို ဟက်ကာတွေက လာဘ်ထိုးပြီး ဖုန်းနဲ့ အလုပ်ကွန်ပျူတာ Screen ကို ဓါတ်ပုံရိုက်ပို့ခိုင်းပါတယ်။
ဟက်ကာတွေကို ဓါတ်ပုံပို့နေတဲ့သူလည်း ကွန်ပျူတာ Screen ကို ဓါတ်ပုံရိုက်နေတုန်း မိသွားပါတယ်။ အချက်အလက်တွေ ရသွားတဲ့ ဟက်ကာတွေက Coinbase ဝန်ထမ်းယောင်ဆောင်ပြီး ဖောက်သည်တွေကို Crypto တွေ လွှဲခိုင်းခဲ့တာပါ။ ဖောက်သည်အချက်အလက် ၁% ပြည့်အောင်မရပေမယ့် ကုမ္ပဏီရဲ့ ဆုံးရှုံးမှုက ဒေါ်လာသန်း ၄၀၀ အထိ ရှိခဲ့တာပါ။
Coinbase ကို TaskUs ဝန်ထမ်းနဲ့ ပေါင်းပြီး ဆိုက်ဘာတိုက်ခိုက်သွားမှန်း သိလိုက်တဲ့နောက် TaskUs လည်း အိန္ဒိယက သူ့ဝန်ထမ်း ၂၂၀ ကျော်ကို အလုပ်ကချက်ချင်း ဖြုတ်ပစ်ပါတယ်။ TaskUs ဝန်ထမ်းတွေ အစုလိုက်အပြုံလိုက် အလုပ်ဖြုတ်ခံရတဲ့သတင်းက အိန္ဒိယမှာ ပွက်လောရိုက်ခဲ့ပါတယ်။
ဒီကုမ္ပဏီက ဝန်ထမ်းတွေကို တစ်လ ဒေါ်လာ ၅၀၀ ကနေ ၇၀၀ ကြား လစာပေးတာ ဖြစ်လို့ လစာနည်းလို့ ဖောက်သည်မှတ်တမ်းတွေ ရောင်းစားကြတာလို့လည်း ပြောနေကြပါတယ်။ TaskUs တော့ နယူးယော့ခ်မှာ အခုကိစ္စကြောင့် Coinbase ဖောက်သည်တွေ တရားစွဲတာနဲ့ ရင်ဆိုင်နေရပါတယ်။
