ရာမမင်းသားဇာတ်ကောင်က Ranbir Kapoor နဲ့ လိုက်ဖက်မှုရှိရဲ့လား
ဇွန် ၈၊ ၂၀၂၅။
ဘယ်မင်းသားမှ သီရိရာမ မင်းသားနေရာအတွက် မသင့်တော်ဘူးလို့ တစ်ချိန်က ရာမာယဏမင်းသားဇာတ်ကောင်နေရာကနေ ပါဝင်ခဲ့ဖူးတဲ့ ဝါရင့်မင်းသား ကြီး Arun Govil က ဆိုပါတယ်။
တစ်ချိန်က Ramanand Sagar ရဲ့ နာမည်ကျော် Ramayan ဇာတ်လမ်းတွဲမှာ ရာမမင်းသားအဖြစ် သရုပ်ဆောင်ခဲ့တဲ့ ဝါရင့်မင်းသားကြီး Arun Govil က Nitesh Tiwari ရိုက်ကူးမယ့် Ramayana ရုပ်ရှင်သစ်မှာ Ranbir Kapoor က ရာမအဖြစ် သရုပ်ဆောင်နေချိန်မှာပဲ၊ လက်ရှိ ဘယ်နာမည်ကြီးမင်းသားမှ သီရိရာမ မင်းသားနေရာအတွက် မသင့်တော်ဘူးလို့ ပြောကြားလိုက်တာ တွေ့ရပါတယ်။
NDTV နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ Arun Govil က "အရင်က သုံးလေးယောက်လောက် ပြန်လည်ပုံဖော်ဖို့ ကြိုးစားခဲ့ဖူးပေမယ့် မအောင်မြင်ခဲ့ကြပါဘူး။ ကျနော်တို့သက်တမ်းမှာ ရာမာယဏကို ဘယ်သူမှ ပြန်လည်ပုံဖော်ဖို့ မကြိုးစားသင့်ဘူးလို့ ထင်ပါတယ်။ သီရိရာမ မင်းသားနေရာမှာ သရုပ်ဆောင်မယ့် မင်းသားနဲ့ ပတ်သက်လို့ ပြောရရင်၊ လက်ရှိ နာမည်ကြီး မင်းသားအားလုံးထဲမှာ ဘယ်သူမှ မသင့်တော်ဘူးလို့ ကျနော်ထင်ပါတယ်။ အနုပညာလောကပြင်ပက တစ်ယောက်ယောက်ကိုတော့ ရှာတွေ့နိုင်ကောင်း တွေ့နိုင်ပါလိမ့်မယ်" လို့ ပြောကြားခဲ့တာကို တွေ့ရပါတယ်။
သူ့ရဲ့ ဒီပြောစကားတွေဟာ အွန်လိုင်းပေါ်မှာ အငြင်းပွားမှုတွေ ဖြစ်ပေါ်စေခဲ့ပြီး၊ အထူးသဖြင့် သူကိုယ်တိုင်က Nitesh Tiwari ရဲ့ Ramayana ရုပ်ရှင်သစ်မှာ ဒဿရထ (Dashrath) ဘုရင်ကြီးအဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး၊ ဒီဇာတ်ကားမှာ Ranbir Kapoor က သီရိရာမ မင်းသားအဖြစ် သရုပ်ဆောင်မှာဖြစ်လို့ ပရိသတ်တွေကြားမှာ စိုးရိမ်မှုတွေနဲ့အတူ ပြောစရာတစ်ခု ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။
အရင်က Om Raut ရိုက်ကူးခဲ့ပြီး Prabhas က သီရိရာမအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Adipurush ရုပ်ရှင်ဟာ VFX အရည်အသွေးညံ့ဖျင်းမှုနဲ့ သာမန်စကားပြောပုံစံတွေ အသုံးပြုမှုကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရဖူးတာလည်း ရှိပါတယ်။ Nitesh Tiwari ရဲ့ ရုပ်ရှင်သစ်မှာတော့ Ranbir Kapoor နဲ့ Arun Govil တို့အပြင် Sai Pallavi က သီတာဒေဝီအဖြစ်၊ Sunny Deol က ဟာနုမာန်အဖြစ်၊ Lara Dutta က ကေကေအဖြစ်၊ KGF မင်းသား Yash က ဒဿဂီရိအဖြစ် ပါဝင်သရုပ်ဆောင်မှာဖြစ်ပြီး Yash က Namit Malhotra နဲ့အတူ ပူးတွဲထုတ်လုပ်သူအဖြစ်လည်း တာဝန်ယူထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် Rakul Preet Singh, Anil Kapoor, Kunal Kapoor နဲ့ Amitabh Bachchan တို့လို မင်းသားမင်းသမီးတွေလည်း ပါဝင်လာနိုင်ခြေရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
Nitesh Tiwari ရဲ့ Ramayana ဇာတ်ကားကိုတော့ နှစ်ပိုင်းခွဲပြီး ပထမပိုင်းကို ၂၀၂၆ ခုနှစ် Diwali အခါသမယမှာ ရုံတင်ပြသသွားမှာဖြစ်ပြီး ဒုတိယပိုင်းကိုတော့ ၂၀၂၇ ခုနှစ် Diwali မှာ ထပ်မံပြသသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

image