Karate Kid: Legends ရုပ်ရှင်ဟာ ပြီးခဲ့တဲ့ ပိတ်ရက်မှာ အမေရိကမှာ ဝင်ငွေ ဒေါ်လာ ၁၉ သန်းနဲ့ စတင်ပြသခဲ့ပြီး ဝင်ငွေပိုင်း ရလဒ် အခုထိမကောင်းသေးပါဘူး။
Sony ရဲ့ ကနဦးခန့်မှန်းထားတဲ့ အဖွင့်ငွေ ဒေါ်လာ သန်း ၃၀ အထိ မျှော်လင့်ထားပေမယ့် မှန်းချက်နဲ့ နှမ်းထွက် မကိုက်တာတွေဖြစ်လာခဲ့ပါပြီ။
ဒီရုပ်ရှင်ဟာ PG-13 အဆင့်သတ်မှတ်ထားတဲ့ ကိုယ်ခံပညာရုပ်ရှင်ဖြစ်ပြီး၊ အမေရိကရဲ့ Box Office တတိယနေရာမှာပဲ ရပ်တည်နိုင်ခဲ့ပါတယ်။
ဒါပေမယ့် ပရိသတ်တွေရဲ့ တုံ့ပြန်မှုမှာတော့ CinemaScore မှာ A- အဆင့်ရထားပြီး၊ ဝေဖန်ရေးဆရာတွေဆီကတော့ ရောထွေးတဲ့ သုံးသပ်ချက်တွေ ရရှိထားပါတယ်။
ဒါပေမယ့် ဒီရုပ်ရှင်ဟာ Karate Kid ရဲ့ အမာခံ ပရိတ်သက်တွေအတွက်ပဲ Target ထားတာဖြစ်တဲ့အတွက် တခြား ပရိတ်သက်တွေစီကို မထိုးဖောက်နိုင်သေးပါဘူး။
ဒေါ်လာ ၄၅ သန်းနဲ့ စျေးသက်သက်သာသာထုတ်လုပ်ထားတဲ့ ဒီရုပ်ရှင်ဟာ အရင်းကျေဖို့တော့ တော်တော်ကြီး လိုဦးမယ်လို့ မြင်မိပါတယ်။
၂၀၁၀ ခုနှစ်က ဂျက်ကီချန်းနဲ့ ထွက်ခဲ့တဲ့ Karate Kid reboot ရုပ်ရှင်ကတော့ အဖွင့်မှာ ဒေါ်လာ ၅၅ သန်း ရရှိခဲ့ပြီး ကမ္ဘာတဝှမ်း ဒေါ်လာ ၃၅၉ သန်း ရရှိခဲ့ပါတယ်။ ဒီတစ်ခေါက်မှာတော့ ဂျက်ကီချန်းနဲ့အတူ မူရင်းသရုပ်ဆောင် Ralph Macchio လည်း ပြန်ပါဝင်ထားပေမယ့်၊ ၁၅ နှစ်ကြာမှ ပြန်လာတဲ့ ပရိသတ်တွေကိုမဆွဲဆောင်နိုင်တော့ဘူးလို့ဆိုရပါမယ်။
လက်ရှိမှာတော့ အမေရိကမှာ Lilo and Stitch Live Action က ဒုတိယမြောက်ပိတ်ရက်မှာ ထိပ်ဆုံးနေရာကို အလွယ်တကူ ဆက်လက်သိမ်းပိုက်ထားပြီး ဒေါ်လာ ၆၃ သန်းထပ်ရခဲ့ပါတယ်။ Mission: Impossible - The Final Reckoning ကတော့ ဒုတိယနေရာမှာ ဆက်လက်ရပ်တည်ထားပြီး ဒေါ်လာ ၂၇.၃ သန်းရထားပါတယ်။
လက်ရှိမှာတော့ ဇာတ်ကားကောင်းတွေကြားထဲမှာ Karate Kid: Legends ကတော့ ကြောင်ပျောက်နေပြီဖြစ်ပြီး အရင်းကျေဖို့ တော်တော်လေးရုံးကန်ရဦးမှာပါ။
Ref - World of reel
