3 w - Translate

ကာဝါဘာတ ယဆုနာရိ ၁၉၆၈ ခုနှစ်အတွက်
စာပေနိုဘယ်ဆုရခဲ့စဉ်က နိုဘယ်ဆုကော်မတီက
Snow Country, A Thousand Cranes
ဝတ္ထုရှည်နှစ်ပုဒ်နဲ့ အတူ The Old Capital ကိုလည်း
ဆုရွေးချယ်ရတဲ့ အနုပညာလက်ရာတစ်ပုဒ်အဖြစ်
ကိုးကားချီးကျူးခဲ့ပါတယ်။ The Old Capital ဟာ
မူလက အဆဟိသတင်းစာ၊ တိုကျိုနဲ့ အိုဆာကာမူ
နှစ်ခုစလုံးမှာ ၁၉၆၁ ခုနှစ်၊ အောက်တိုဘာကနေ
နောက် တစ်နှစ် ဇန်နဝါရီလအထိ အခန်းဆက်ပေါင်း ၁ဝဝ အထိ ဖော်ပြခဲ့တာပါ။ ကာဝါဘာတဟာ ဝတ္ထု၊ အဆုံးသတ် ပြီးပြီးချင်း ဒီစာအုပ်ရေး​နေစဉ် အတောအတွင်း ဖြစ်ခဲ့ရတဲ့ အိပ်ဆေးစွဲမှုကို ကုသဖို့ ဆေးရုံတက်ခဲ့ရတယ်။ ကာဝါဘာတ ကိုယ်တိုင်က The Old Capital ကို သူ့ရဲ့ “ပုံမှန်မဟုတ်တဲ့ လက်ရာ” လို့ ပြောခဲ့ပေမဲ့ ဝတ္ထုက ရင်းနှီးကျွမ်းဝင်ပြီးသား ဇာတ်ကြောင်းပါ။ ကျား၊ မ လိင်ကွဲပြားမှုကြားက ကွာဟချက်နဲ့ အဲဒီကွာဟချက်ကြောင့် ဖြစ်ပေါ်လာတဲ့ သောက ဗျာပါဒတွေကို အသိအမှတ်ပြုခြင်း၊ အပျိုစင်စံကို တမ်းတခြင်း၊ သဘာဝတရားနဲ့ လူသားရဲ့ ဆက်သွယ်မှု၊ နောက်ခံကားချပ်နဲ့ ဇာတ်ကောင်စရိုက် စတာတွေပါပဲ။
ဝတ္ထုကို ကျိုတိုမှာ ဇာတ်အိမ် တည်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၁ဝဝ နီးပါးလောက်မှာ မြို့တော် ဖြစ်ခဲ့ပြီးကတည်းက ကျိုတိုဟာ ဂျပန်နိုင်ငံရဲ့ အဆင့်မြင့်အနုပညာနဲ့ ယဉ်ကျေးမှုဝိညာဉ် ဖြစ်ခဲ့တယ်။ ဒီမြို့တော်ဟောင်းက အိုဘီ ဝတ်ဆင်သူတွေ၊ ကီမိုနို ဒီဇိုင်နာတွေ၊ လက်ဖက်ရည်ပွဲ တည်ခင်းမှု ပညာရှင်တွေနဲ့ လက်ရေးအတတ်ပညာသည်တွေ တစ်ဦးချင်းစီဟာ ခေတ်ကာလများစွာ ဆင်းသက်လာတဲ့ ရိုးရာအစဉ်အလာတွေကို ဆက်ခံခဲ့ကြသူတွေပါ။ သူတို့ရဲ့ လက်ရာတွေဟာ အနုပညာသည် ကိုယ်တိုင်ရဲ့ ထူးခြားတဲ့ ရသခံစားတတ်မှုသာမက အတိတ်ကာလကနေ ဆင်းသက်လာတဲ့ ရှေးလူတွေရဲ့ သွေးသားဝိညာဉ်ကိုလည်း သရုပ်ထင်နေစေပါတယ်။
ဂျပန်လူမျိုး အများအပြားက ကာဝါဘာတကို ရှေးရိုးစဉ်လာတွေကို အပြည့်အဝ သရုပ်ဖော်တတ်တဲ့ မော်ဒန်စာရေးဆရာအဖြစ် အသိအမှတ်ပြုကြပါတယ်။ မော်ဒန်ဂျပန်စာရေးဆရာတွေထဲမှာ ဂျပန်အဆန်ဆုံးတောင် ဖြစ်နိုင်ပါရဲ့။ တစ်ပြိုင်နက်တည်းမှာပဲ သူ့ရဲ့နည်းနာနဲ့ စိတ်ကူးပုံရိပ် အတော်များများဟာ အတွေးအမြင်သစ်ကို ဖော်ကျူးပြီး သူ့ခေတ်သူ့အခါ ဂျပန်စာဖတ်ပရိသတ်တွေတောင် တုန်လှုပ်ခဲ့ရတဲ့ အရေးအသားတွေလို့ ယူဆခြင်းခံရပါတယ်။ ဂျပန်နိုင်ငံ ဒုတိယကမ္ဘာစစ်မှာ စစ်ရှုံးခဲ့ပြီးနောက် ကာဝါဘာတက သူ့ဘဝရဲ့လက်ကျန်အချိန်တွေမှာ ဘာမှ မရေးတော့ဘဲ ‘တမ်းချင်း’ တွေသာ ရေးတော့မယ်လို့ ဆိုခဲ့ပါတယ်။ အဲဒါကြောင့်ပဲ The Old Capital မှာ ကျိုတိုမြို့တော်ဟောင်းရဲ့ ကျဆင်းမှုကို ဝမ်းနည်းပူဆွေးမှုတမ်းချင်းနဲ့ တမ်းတထားတာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ စစ်ပြီးခေတ် ဂျပန်နိုင်ငံရဲ့ ရိုးရာအနုပညာရှင်နဲ့ သူ ပုံဖော်ထားတဲ့ အကျပ်အတည်းမှာ မတင်မကျ စိတ်နှစ်ခွ ဖြစ်မှုတွေ ပါဝင်နေပါတယ်။ သူ့ဇာတ်ကောင်တွေဟာ စိတ်ရှုပ်စရာ ကောင်းပေမဲ့ ဆွဲဆောင်မှုရှိတဲ့ အပြောင်းအလဲတွေကို လက်ခံကြို ဆိုတာ၊ ကန့်ကွက်ရှုတ်ချတာတွေနဲ့အတူ ထိပ်တိုက် ရင်ဆိုင်ကြပါတယ်။ ဝတ္ထုဟာ တစ်ခါတစ်ရံ စွဲမက်စရာ ဖြစ်နေပေမဲ့ အထင်နဲ့အမြင် တခြားစီ ဖြစ်နေတဲ့ တီထွင်ဆန်းသစ်မှုနဲ့ အစဉ်အလာတို့ကြားက ဆက်သွယ်မှုကို အသိအမှတ်ပြုပြီး တင်ပြထားပါတယ်။ လူသားရဲ့ ဖြစ်တည်မှုနဲ့ ကြိုးပမ်းအားထုတ်မှုတွေထဲက တုံဏှိဘာဝေ ဖြစ်ခြင်းနဲ့ သက်ဝင် တက်ကြွမှုတို့ အပြန်အလှန် အားပြိုင်မှုကို ဖော်ကျူးထားပါတယ်။
• ဂျပန်ဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုသူ
#ဂျေမာတင်ဟိုးလ်မန်း ရဲ့မှတ်ချက်စကားမှ
ကောက်နုတ်ထားပါသည် •

image