#နိုင်ငံတကာသတင်း
◼ အစ္စရေး၏နျူကလီးယားဆိုင်ရာစာရွက်စာတမ်းများကို ရရှိထားကြောင်း အီရန်ပြော
အစ္စရေး၏အကဲဆတ်သော စာရွက်စာတမ်း အမြောက်အမြားကို အီရန်ထောက်လှမ်းရေး အေဂျင်စီများက ရရှိထားကြောင်း နှင့် အချို့မှာ အစ္စ‌ရေး၏ နျူကလီးယားစီမံကိန်းများ ၊နေရာဌာနများနှင့် ဆက်စပ်နေကြောင်း အီရန်အစိုးရမီဒီယာ က ယမန်‌နေ့တွင် ဖော်ပြခဲ့ကြသည်။
ယင်းသတင်းများနှင့် ပတ်သက်၍ အစ္စ‌‌ရေးက တရားဝင်မှတ်ချက်ပေးခြင်း မရှိသေးသလို ယင်းသတင်းမှာ ပြီးခဲ့သည့်နှစ်က အစ္စ‌ရေးနျူကလီးယား သုတေသနစင်တာ ဖောက်ထွင်းခံခဲ့ရသည် ဆိုသော သတင်းနှင့် ဆက်စပ်နေပြီး ၎င်းတို့၏ နျူကလီးယားအစီအစဉ်နှင့်ပတ်သက်၍ တင်းမာမှုများ ရှိနေချိန်တွင်မှ အီရန်က ယင်းကို ထုတ်ဖော်ပြောကြားခြင်းလား ဆိုသည်မှာ ရှင်းရှင်းလင်းလင်း မရှိပေ။
ထို စာရွက်စာတမ်းများအား ရယူသည့်လုပ်ငန်းအား အချိန်အတန်ကြာက လုပ်ဆောင်ခဲ့သော်လည်း မြောက်မြားလှစွာသော စာရွက်စာတမ်းများအား အီရန်နိုင်ငံထဲသို့ လုံခြုံစွာ သယ်ယူလာပြီး သတ်မှတ်ထားသည့် အကာအကွယ်ပေးထားသော နေရာများသို့ ရောက်ရှိရေးအတွက်သတင်းအမှောင်ချထားရန်လိုအပ်စေခဲ့ကြောင်း အီရန်အစိုးက PressTV ရုပ်သံက အမည်မဖော်ပြသော သတင်းရင်းမြစ်ကို ကိုးကား၍ပြောကြားသည်။
ရရှိခဲ့သော စာရွက်စာတမ်းများ များပြားလွန်းသောကြောင့် ၎င်းတို့ကို ကြည့်ရှုသုံးသပ်ခြင်း၊ ပါလာသော ဓာတ်ပုံများနှင့် ဗီဒီယိုများကိုပါ ကြည့်ရူရခြင်းမှာ အလွန်အချိန်ယူခဲ့ကြောင်း ယင်းကိစ္စကို သိရှိထားသော သတင်းရင်းမြစ်များကို ကိုးကား၍ အစိုးရ ရုပ်သံက ပြောကြားပြီး စာရွက်စာတမ်းအကြောင်း အသေးစိတ်ကို မပြောပေ။
ယခင် က သိရှိထားပြီးသော အတိုင်းအတာထက် ပိုသော နျူကလီးယားလုပ်ငန်းများကို တီဟီရန် က လုပ်ဆောင်နေကြောင်း ပြသထားသော အီရန်တို့၏ မှတ်တမ်း စာရွက်စာတမ်း အမြောက်အမြားကို အစ္စရေးထောက် လှမ်းရေးများက ရရှိခဲ့ကြောင်း အစ္စ‌ရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ၂၀၁၈ ခုနှစ်တွင် ပြောကြားခဲ့သည်။
၎င်းတို့၏ နျူကလီးယားအစီအစဉ်နှင့်ပတ်သက်၍ တီဟီရန်က ဝါရှင်တန်နှင့် သဘောတူညီချက် မယူခဲ့ပါက အီရန်အား ဗုံးကြဲတိုက်ခိုက်သွားမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ခြိမ်းခြောက်ထားသည်။
သို့သော် တစ်ဖက်တွင်လည်း သဘောတူညီချက်ရရှိရန် တီဟီရန်နှင့် ဆွေးနွေးညှိနှိုင်းရေးကို ဦးစားပေး၍ အီရန် နျူကလီးယားစခန်းများအား တိုက်ခိုက်ရေး အစ္စရေး၏ အစီအစဉ်ကို ဧပြီလအတွင်း ထရန့်က တားဆီးခဲ့သည်။
အီရန်ထိပ်သီးခေါင်းဆောင် အယာတိုလာ အလီ ခါမေနီကလည်း အီရန်၏ ယူရေနီယံ သန့်စင်မှုလုပ်ငန်းအား စွန့်လွှတ်ခြင်းမှာ နိုင်ငံ၏ အကျိုးစီးပွားနှင့် ဆန့်ကျင်ကြောင်း ဗုဒ္ဒဟူးနေ့တွင် ပြောကြားပြီး အမေရိကန်တို့၏ အဓိက တောင်းဆိုချက်ကို ပယ်ချခဲ့သည်။
သတင်း-ရဲမင်း
ကိုးကား-Reuters

image