ကြည်လင်တဲ့ ညကောင်းကင်ကို ကြည့်တဲ့အခါ ကြယ်တွေ တလက်လက် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေတာကို ကျွန်တော်တို့ တွေ့ရတတ်ပါတယ်။
နေဟာလည်းကြယ်တစ်လုံးပေမယ့် သူ့ဆီက လာတဲ့ အလင်းတန်းကကော ဘာကြောင့် twinkling မဖြစ်ရတာပါလဲ?
ဒီလိုဖြစ်ရခြင်းရဲ့ အဓိကအကြောင်းရင်းကတော့ ကျွန်တော်တို့ရဲ့ ကမ္ဘာ့လေထု Earth's Atmosphere ကြောင့်ပဲ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်ကို သိပ္ပံနည်းကျအားဖြင့် Astronimical Scintillation လို့ ခေါ်ဆိုပါတယ်။
နေအဖွဲ့အစည်းအပြင်ဘက်ကနေ လာတဲ့ ကြယ်တွေရဲ့အလင်းဟာ အလွန်ဝေးကွာတဲ့ ခရီးကို ဖြတ်သန်းလာတာ ဖြစ်ပါတယ်။နေပြီးရင် ကျွန်တော်တို့နဲ့ အနီးဆုံးကြယ်တစ်လုံးဖြစ်တဲ့ Proxima centauri ဆိုတဲ့ကြယ်တောင် အလင်းနှစ် ၄.၂ နှစ်ခန့်ကွာဝေးပါတယ်။
ဒီလို ကြယ်တွေဆီက အလင်းတန်းတွေဟာ အာကာသထဲမှာ ကျွန်တော်တို့ဆီလာတဲ့ အခါ လေဟာနယ်ထဲကိုဖြတ်လာရတာကြောင့် လွတ်လွတ်လပ်လပ် ခရီးဆန့်လာကြပါတယ်။
ဒါပေမယ့် ဒီအလင်းတန်းတွေဟာ ကျွန်တော်တို့ ကမ္ဘာရဲ့ လေထုထဲကို စတင်ဝင်ရောက်လာတဲ့အခါမှာတော့ စတင်ပြောင်းလဲမှုတွေ ဖြစ်ပေါ်ပါတယ်။
ကျွန်တော်တို့ ကမ္ဘာ့လေထုဟာ တည်ငြိမ်တဲ့ ဖန်သားလွှာကြီးလို မဟုတ်ပဲ အပူချိန်၊ သိပ်သည်းဆနဲ့ ဖိအားတို့ မတူညီတဲ့ လေထုအလွှာပေါင်းများစွာနဲ့ ဖွဲ့စည်းထားပါတယ်။
ဥပမာအားဖြင့်၊ မြေပြင်နဲ့ နီးတဲ့ လေထုက ပိုပူပြီး အပေါ်ပိုင်းလေထုက ပိုအေးပါတယ်။ ဒီလို အပူချိန် ကွာခြားမှု (Temperature Differences) တွေကြောင့် လေထုဟာ အမြဲတမ်း လှုပ်ရှားပြောင်းလဲ နေပါတယ်။
ဒါကို ကျွန်တော်တို့ဟာ ပူနေတဲ့ ကတ္တရာလမ်းမကနေ ထွက်လာတဲ့ လေလှိုင်းတွေကြောင့် အဝေးက အရာဝတ္ထုတွေ ဝေဝါးနေတာကို ကြည့်ခြင်းဖြင့်လည်း နားလည်နိုင်ပါတယ်။
ကြယ်ကလာတဲ့ အလင်းတန်းလေးတွေဟာ ဒီလိုလှုပ်ရှားနေတဲ့ လေထုအလွှာတွေကို ဖြတ်သန်းတဲ့အခါ လေထုရဲ့ အပူချိန်နဲ့ သိပ်သည်းဆ ကွာခြားမှုတွေကြောင့် အလင်းယိုင်ခြင်း (refraction) ဖြစ်ပေါ်ပါတယ်။ လေထုရဲ့ ကွာခြားတဲ့ သိပ်သည်းဆတွေက အလင်းတန်းကို မတူညီတဲ့ ဒီဂရီတွေနဲ့ ကွေးညွှတ်စေပါတယ်။ ဒါဟာ ရေထဲမှာ ခဲတံတစ်ချောင်းထည့်ကြည့်လိုက်တဲ့အခါ ကွေးသွားသလိုမျိုးနဲ့စမ်းကြည့်လို့ရပါတယ်။
ဒီလို အလင်းယိုင်ခြင်းကြောင့် ကြယ်ရဲ့အလင်းဟာ ကျွန်တော်တို့ မျက်လုံးဆီ ဝင်ရောက်တဲ့အခါ သူရဲ့လမ်းကြောင်းက မတည်ငြိမ်တော့ပဲ အနည်းငယ်စီ ပြောင်းလဲရွေ့နေပါတယ်။
ကျွန်တော်တို့ မျက်လုံးတွေဟာ အလင်းကို အမှတ်တစ်ခုအဖြစ် မြင်ရတာကြောင့် အလင်းလမ်းကြောင်းလေး နည်းနည်းလေး တိမ်းစောင်းသွားတာနဲ့ ကြယ်က မှိန်သွားတာ ဒါမှမဟုတ် တောက်ပလာတာလိုမျိုး မှိတ်တုတ်မှိတ်တုတ် ဖြစ်နေတယ်လို့ မြင်ရတာပါ။
တကယ်တမ်းတော့ ကြယ်ရဲ့အလင်းက အချိန်တိုင်း ထွက်ပေါ်နေပေမယ့် လေထုက အလင်းတန်းကို တစ်ချိန်လုံး နေရာရွှေ့ပြောင်း နေတာကြောင့်သာ ကျွန်တော်တို့က မှိတ်တုတ်မှိတ်တုတ် မြင်ရတာ ဖြစ်ပါတယ်။
နေအဖွဲ့အစည်းထဲက ဂြိုဟ်တွေကကော ဘာလို့ မမှိတ်တုတ်မှိတ်တုတ် မဖြစ်ရတာလဲ ?
အဲ့ဒါကတော့ သူတို့တွေရဲ့ အရွယ်အစား (Apparent Size) ကြောင့်ပဲ ဖြစ်ပါတယ်။
ကြယ်တွေဟာ ကျွန်တော်တို့နဲ့ အလွန်ဝေးကွာတဲ့အတွက် သူတို့ကို အလင်းအစက်ကလေးတစ်ခုလိုပဲ မြင်ရပါတယ်။
ဒါပေမယ့် ဂြိုဟ်တွေကတော့ ကြယ်တွေထက် အများကြီး ပိုနီးတာကြောင့် ကျွန်တော်တို့ မျက်လုံးအတွက် သေးငယ်တဲ့ အပြားဝိုင်း disk ပုံစံမျိုး မြင်ရပါတယ်။နေဟာလည်းကြယ်တစ်လုံးပဲဖြစ်ပေမယ့် သူ့ဆီက လာတဲ့ အလင်းတန်းဟာ ကျွန်တော်တို့နဲ့နီးနေတာရယ် အရွယ်အစားကြီးတာကြောင့် twinkle ဖြစ်နေတယ်လို့မမြင်ရတာပါ။
ဂြိုဟ်တွေ ကနေလာတဲ့ အလင်းဟာ ပိုကျယ်တဲ့ ဧရိယာကနေ လာတာဖြစ်လို့ လေထုရဲ့ လှုပ်ရှားမှုက ကြယ်တွေလောက် သိသိသာသာ သက်ရောက်မှု မရှိပါဘူး။
ဥပမာအားဖြင့်၊ အလင်းအစက်ကလေးတစ်ခု ကြယ် ကို လေထုက အလွယ်တကူ တိမ်းစောင်းနိုင်ပေမယ့် ပိုကြီးတဲ့ အပြား (ဂြိုဟ်) တစ်ခုကလာတဲ့ အလင်းတွေကိုတော့ လေထုရဲ့ လှုပ်ရှားမှုကို ပိုမို ညီညီညာညာ သက်ရောက်မှုရှိတာကြောင့် မှိတ်တုတ်မှိတ်တုတ် ဖြစ်တာကို မမြင်ရပါဘူး။ ဒါကြောင့် ဂြိုဟ်တွေလတွေ ဟာ တည်ငြိမ်တဲ့ အလင်းရောင်နဲ့သာ မြင်ရပြီး မှိတ်တုတ်မှိတ်တုတ် မဖြစ်ပါဘူး။
ကြယ်အလင်းများဟာ ကမ္ဘာ့လေထုရဲ့ Troposphere, Stratosphere စတဲ့ အလွှာများစွာကို ဖြတ်သန်းလာရပါတယ်။ ဒီအလွှာတိုင်းမှာ မတူညီတဲ့ လေထုလှုပ်ရှားမှုတွေ ရှိတာကြောင့် အလင်းယိုင်မှုတွေ ပိုများစေပါတယ်။
အားကောင်းတဲ့ နက္ခတ်ကြည့်မှန်ပြောင်းတွေနဲ့ ကြည့်ရင်တောင် လေထုရဲ့ မငြိမ်သက်မှုကြောင့် ကြယ်တွေက မှိတ်တုတ်မှိတ်တုတ် ဖြစ်နေတာကို တွေ့ရပါတယ်။ ဒါကြောင့် နက္ခတ္တဗေဒပညာရှင်တွေဟာ ကမ္ဘာ့လေထုရဲ့ သက်ရောက်မှုကို ရှောင်ရှားနိုင်ဖို့ အာကာသထဲမှာ Hubble Space Telescope လိုမျိုး မှန်ပြောင်းတွေကို လွှတ်တင်ထားကြတာ ဖြစ်ပါတယ်။
ကြယ်တွေ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေတယ်လို့ မြင်ရတာဟာ ကြယ်တွေရဲ့ ကိုယ်ပိုင်အလင်းကြောင့် မဟုတ်ဘဲ ကျွန်တော်တို့ ကမ္ဘာရဲ့ လေထုထဲက လှုပ်ရှားပြောင်းလဲနေတဲ့ အလင်းယိုင်မှု ကြောင့်ပဲ ဖြစ်ပါတယ်။ ဒါဟာ ညဘက် ကောင်းကင်မှာ မြင်ရတဲ့ လှပတဲ့ သဘာဝဖြစ်စဉ်တစ်ခုနောက်ကွယ်အကြောင်းတရား ပဲ ဖြစ်ပါတယ်။

image