အိန္ဒိယသား အင်ဂျင်နီယာတွေကို AI ယောင်ဆောင်ခိုင်းခဲ့တဲ့ ကုမ္ပဏီ
AI လောကသားတွေထဲက ဂျင်းကုမ္ပဏီတစ်ခုတော့ ဒေဝါလီခံသွားရပါပြီ။
လူကို AI ယောင်ဆောင်ခိုင်းပြီး AI နည်းပညာနဲ့ services ပေးပါတယ်ဆိုတဲ့ မားကတ်တင်းအလိမ်အညာတွေ ပေါက်ကြားသွားပြီး အခုလို ဒေဝါလီခံတဲ့အခြေအနေ ဆိုက်ရောက်ခဲ့တာပါ။ အဲ့ဒီကုမ္ပဏီကတော့ Builder.ai လို့ခေါ်တဲ့ code မလိုဘဲ app ရေးနိုင်တဲ့ AI startup ပါ။
No Code AI လို့ ခေါ်ကြတဲ့ Coding Skills မရှိဘဲ App တစ်ခု ရေးနိုင်တဲ့ AI tool ထုတ်ပြီး ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီမျိုးပါ။ ဒီကုမ္ပဏီကို Microsoft ကတောင် ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ ကုမ္ပဏီတန်ဖိုးကလည်း ဒေါ်လာ ၁.၅ ဘီလျံအထိ ရှိခဲ့တာပါ။
လန်ဒန်အခြေစိုက် Builder.ai လုပ်သွားတဲ့အကွက်က AI hype နေချိန် လုပ်စားသွားတာလို့ ပြောရမှာပါ။ ဒီကုမ္ပဏီက Natasha ဆိုပြီး AI Assistant ထုတ်ထားတာ ရှိပါတယ်။ AI assistant ဆိုပေမယ့် တကယ်တမ်း အလုပ်လုပ်တာက လူတွေပါ။
Natasha အတွက် manual လုပ်ပေးနေတဲ့ သူတွေက အိန္ဒိယက အင်ဂျင်နီယာတွေ ဖြစ်ပြီး စုစုပေါင်း ၇၀၀ တောင် ရှိပါတယ်။ ဒါကို စုံစမ်းစစ်ဆေးရေးဝင်မှ သိရတာပါ။ Builder.ai နောက်ထပ်ရှုပ်ထားတာ တစ်ခုက ငွေစာရင်းပါ။
မနှစ်က ကုမ္ပဏီရဲ့ ရောင်းအား ဒေါ်လာသန်း ၂၂၀ ရှိတယ်လို့ ပြောခဲ့ပေမယ့် စာရင်းစစ်ဝင်ချိန်မှာ သန်း ၅၀ ပဲ တွေ့ခဲ့တယ်လို့ ဆိုပါတယ်။ အခုတော့ အလိမ်တွေ ပေါ်ပြီး ကုမ္ပဏီလည်း ဒေဝါလီခံသွားရပြီ ဖြစ်ပါတယ်
