#ယနေ့ထုတ်သတင်းစာ_အားကစားသတင်း
◼ အယ်လ်ဟီလာ၏ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်ပြီဖြစ်ကြောင်း မန်ယူအသင်းကပ္ပတိန် ဘရူနိုဖာနန်ဒက်စ် အတည်ပြုပြောဆို
မန်ယူကပ္ပတိန် ဘရူနိုဖာနန်ဒက်စ်က အိုးလ်ထရက်ဖို့ဒ်တွင် ဆက်လက်ကစားလိုသည့်အတွက် အယ်လ်ဟီလာ၏ကမ်းလှမ်းမှုကို ပယ်ချခဲ့ကြောင်း လူသိရှင်ကြားထုတ်ဖော်ပြောဆိုကာ ထွက်ပေါ်နေသည့် ကောလာဟလများကို ပိတ်သိမ်းလိုက်ပြီဖြစ်သည်။
အယ်လ်ဟီလာသည် ယခုနွေရာသီ၌ ဘရူနိုဖာနန်ဒက်စ်ကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်ကာချဉ်းကပ်ခဲ့ခြင်းဖြစ်ပြီး ပေါ်တူဂီ ကစားသမားအတွက် ပေါင်သန်း ၂ဝဝ တန် သုံးနှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်နှင့်မန်ယူအတွက် ပေါင်သန်း ၁ဝဝ တန်ကမ်းလှမ်းမှုတစ်ရပ်ဖြင့်ပေါင်သန်း ၃ဝဝ အထိ အသုံးပြုရန်စီစဉ်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ဘရူနိုဖာနန်ဒက်စ်က အမြင့်ဆုံးအဆင့်ကို ဆက်လက်ကစားလိုသည့်အတွက် ထိုကမ်းလှမ်းမှုကိုပယ်ချခဲ့ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်သည်။
ဖာနန်ဒက်စ်က“လွန်ခဲ့တဲ့တစ်လလောက်ကတည်းက အယ်လ်ဟီလာကဖုန်းဆက်ခဲ့တာပါ။ အနာဂတ်အတွက်ဆုံးဖြတ်ဖို့ စောင့်ဆိုင်းရတဲ့ ကာလတစ်ခုတော့ရှိခဲ့တယ်။ ကျွန်တော်အမြဲပြောသလိုပဲ မန်ယူက အဲဒါကိုရွေးချယ်ရင်ကျွန်တော်လုပ်မှာပါ။ ဒီကာလအတွင်းမှာ ရူဘင်အာမိုရင်နဲ့ စကားတွေပြောဖြစ်တယ်။ ကျွန်တော် မထွက်သွားချင်သ၍ မရောင်းဘူးလို့ကလပ်ကပြောခဲ့တယ်။ ကျွန်တော်လည်း ပြိုင်ပွဲကြီးတွေမှာကစားပြီး အမြင့်ဆုံးအဆင့်မှာ ကိုယ့်ကိုယ်ကိုယ် ဆက်ထိန်းထားချင်ပါတယ်”ဟု ဆိုသည်။
ထို့ပြင် အယ်လ်ဟီလာ၏ကမ်းလှမ်းမှုနှင့်ပတ်သက်၍ ဘရူနိုဖာနန်ဒက်စ်က ရည်မှန်းချက်ကြီးလွန်းသောကမ်းလှမ်းမှုဖြစ်ပြီး ကန်ဆယ်လို ရှိနေသည့်အတွက်ပြောင်းရွှေ့မည်ဆိုပါက အလွန်လွယ်ကူနိုင်ကြောင်းပါ အခြေအနေကိုဆက်လက်ဖွင့်ဟပြောဆိုသွားခဲ့သည်။

image