#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ပိုင်ဆိုင်မှုအများစုကို အာဖရိကနိုင်ငံများအတွက် အသုံးပြုမည်ဟု ဘီလ်ဂိတ်ပြော
မိုက်ခရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ်က ၎င်း၏ပိုင်ဆိုင်မှုအများစုကို အာဖရိကတိုက်ရှိ ကျန်းမာရေးနှင့်ပညာရေးဆိုင်ရာများတိုးတက်လာစေရန် လာမည့် နှစ် ၂ဝ အတွင်း လှူဒါန်းသွားမည်ဖြစ်ကြောင်း ဇွန် ၂ ရက်တွင် ထုတ်ဖော်ပြောကြားလိုက် သည်။
ကျန်းမာရေးနှင့် ပညာရေးမှတစ်ဆင့်လူသားများ၏ အနာဂတ်အလားအလာအတွက် ရင်းနှီးမြှုပ်နှံသုံးစွဲခြင်းဖြင့် အာဖရိကရှိနိုင်ငံတိုင်း သာယာဝပြောရေးလမ်းကြောင်းပေါ် ရောက်သင့်ကြောင်း အီသီယိုးပီးယားနိုင်ငံမြို့တော်အဒစ္စအဘာဘာတွင် ဘီလ်ဂိတ်က ပြောသည်။
ထို့ပြင်အာဖရိကတိုက်ရှိ ကျန်းမာရေးစောင့်ရှောက်မှုများ တိုးတက်ကောင်းမွန်လာစေရန် ဉာဏ်ရည်တုနည်းပညာ(အေအိုင်) အသုံးချရေးအတွက် အာဖရိကလူငယ်စွန့်ဦးတီထွင်သူများကို ၎င်းက တိုက်တွန်းခဲ့သည်။
ဘီလ်ဂိတ်သည် ၎င်း၏ကြွယ်ဝပိုင်ဆိုင်မှု ၉၉ ရာခိုင်နှုန်း ဒေါ်လာ ဘီလီယံ၂ဝဝ ကို ၂ဝ၄၅ ခုနှစ်အထိလှူဒါန်းသွားမည်ဖြစ်ပြီး ၎င်းဖောင်ဒေးရှင်း၏ လုပ်ငန်းများကိုလည်း အဆုံးသတ်မည်ဟု လွန်ခဲ့သည့်လက ကြေညာခဲ့သည်။
မိမိ၏ ချမ်းသာကြွယ်ဝမှုများကို နောက်နှစ် ၂ဝ အတွင်း ပေးအပ်သွားမည်ဖြစ်ကြောင်း မကြာသေးမီက ကတိပြုခဲ့ပြီး အဆိုပါရန်ပုံငွေအများစုကို အာဖရိကတွင်ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရာတွင်သုံးစွဲသွားမည်ဟု အာဖရိကသမဂ္ဂရုံးချုပ်မိန့်ခွန်း၌ ဘီလ်ဂိတ်က ပြောကြားခဲ့သည်။
ဘီဘီစီ

image