#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ မက္ကဆီကို အလုပ်သမားများ၏ လစဉ်ပြန်လွှဲငွေ ဧပြီလအတွင်းကျဆင်း
ယခုနှစ်ဧပြီလအတွင်း ပြည်ပရောက် မက္ကဆီကိုနိုင်ငံသားများက မက္ကဆီကိုနိုင်ငံသို့ ပြန်ပို့ခဲ့သောလွှဲငွေပမာဏမှာ ယမန်နှစ် ဧပြီလနှင့် နှိုင်းယှဉ်ပါက ၁၂ ဒသမ ၁ ရာခိုင်နှုန်းလျော့နည်းသွားကြောင်း မက္ကဆီကိုဗဟိုဘဏ်က ဇွန် ၂ ရက်တွင် သတင်း ယထုတ်ပြန်ထားသည်။
မက္ကဆီကိုနိုင်ငံသည် ပြည်ပရောက်နိုင်ငံသားရွှေ့ပြောင်းအလုပ်သမားများ၏ ပြန်လွှဲငွေများကိုဒုတိယအများဆုံး လက်ခံရရှိနေသော ကမ္ဘာ့နိုင်ငံဖြစ်သည်။
မက္ကဆီကိုနိုင်ငံအနေဖြင့်အထက်ပါ ပြည်ပရောက်အလုပ်သမားများ၏ ပြန်လွှဲငွေများအနက်အများစုကို အိမ်နီးချင်းအမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေသော မက္ကဆီကိုအလုပ်သမားများထံမှ ရရှိနေခြင်းဖြစ်သည်။
မက္ကဆီကို ဗဟိုဘဏ်သတင်းထုတ်ပြန်ချက်အရ ယခုနှစ် ဧပြီလအတွင်း ပြည်ပရောက် မက္ကဆီကို နိုင်ငံသားများထံမှပြန်လွှဲငွေပမာဏ ကျဆင်းခဲ့ပြီးစုစုပေါင်း အမေရိကန်ဒေါ်လာ ၄ ဒသမ ၇၆ ဘီလီယံရှိခဲ့ကြောင်း သိရသည်။
အမေရိကန်ရောက် ရွှေ့ပြောင်းအလုပ်သမားများ၏ မိခင်နိုင်ငံများသို့ ပြန်လွှဲသည့် ငွေပမာဏအပေါ် အခွန် ၃ ဒသမ ၅ ရာခိုင်နှုန်း ကောက်ခံရန် အမေရိကန်လွှတ်တော်အမတ်များက စဉ်းစားနေ ချိန်တွင် မက္ကဆီကို နိုင်ငံသားများ၏ ပြန်လွှဲငွေပမာဏကျဆင်းလာခြင်းဖြစ်သည်။
စီအင်န်အေ
