#သိပ္ပံနည်းကျ ဓမ္မရသ..(၁၁)
**************************
(#နိဗ္ဗိန္ဒဉာဏ်...သိဖို့ရန်)
နိဗိန္ဒဉာဏ်ဆိုတာ #ငြီးငွေ့ခြင်းပဲ။
ဘာကိုငြီးငွေ့တာလဲဆိုတော့ ဘဝဖြစ်နေခြင်းကို
ငြီးငွေ့တာ။.
ဒီနေရာမှာ အထူးသတိထားဖို့က ဘဝဖြစ်နေခြင်း
ထဲမှာ သုခတွေလဲ ပါနေတာကို နားလည်ရမယ်။
အဲဒီသုခတွေကိုပါ တကယ်ငြီးငွေ့လာမှ #နိဗိန္ဒဉာဏ်
လို့ခေါ်ပါတယ်။
ငြီးငွေ့ခြင်းက အခြေခံအားဖြင့် နှစ်မျိုးရှိတယ်။
တဏှာနဲ့ဒုက္ခကို ငြီးငွေ့ကြတယ်ပေါ့။ဒါက လူတွေဖြစ်နေကျပဲ။တရားကျင့်စရာ မလိုဘူး။
...တစ်မျိုးက တဏှာကို ငြီးငွေ့တာ။အဲဒါက တဏှာတစ်မျိုးကို ငြီးငွေ့လို့ နောက်တစ်မျိုးပြောင်းချင်တဲ့
သဘောပဲ။ဘဝကို ငြီးငွေ့တာ မဟုတ်ဘူး။
....နောက်တစ်မျိုးက ဒုက္ခတွေကို ငြီးငွေ့တာပေါ့။
ဆင်းရဲတွေကြောင့် ဘဝဟာ ပျော်စရာမဟုတ်ဘူးလို့
ထင်လာတာမျိုးပေါ့။
အထက်ပါ ငြီးငွေ့ခြင်း သဘောတွေကို နိဗိန္ဒလို့
မခေါ်ပါဘူး။
ကိုယ့်ခန္ဓာရဲ့ သဘာဝကို နှလုံးသွင်းပြီး အဖြစ်မှန်ကို သိပြီး၊ဒုက္ခသစ္စာအခြေခံတဲ့ ဉာဏ်ကိုမှ နိဗိန္ဒဉာဏ်လို့ ခေါ်ပါတယ်။
#ဝိပဿနာဉာဏ်
-------------------------
ဒီဉာဏ်က ဝိပဿနာဉာဏ်တွေထဲမှာ အဓိကကျတဲ့ အဆင့်တစ်ခုပဲ။ရှင်းအောင်ပြောရရင် မဂ်ဉာဏ်
အဆင့်ထိတက်ဖို့ ဒီဉာဏ်ပေါ်မှရတယ်။
ဝိပဿနာဉာဏ်စဉ်တွေထဲမှာ #နာမရူပပဋိစ္စေဒ
ဉာဏ်က အစပြုပြီး ဒီဉာဏ်ရောက်ဖို့ လိုတယ်။
(ဉာဏ်စဉ်တွေကိုတော့ စာရှည်မှာစိုးလို့ အကျယ်မရေးတော့ပါ)
လိုရင်းပြောရရင် ဘဝဖြစ်နေမှုကို ငြီးငွေ့မှသာလျှင် ဘဝချုပ်ဆုံးရာ မဂ်ဉာဏ်ပေါ်မှာပေါ့။
မိုးကုတ်ဆရာတော်ကြီးရဲ့ စကားနဲ့ဆိုရင်တော့
#ဖြစ်ပျက်မုန်း ဆိုတဲ့အဆင့်လို့ ထင်တာပဲ။
#နိဗ္ဗာန်ချမ်းသာ
------------------------
နိဗ္ဗာန်ကို ချမ်းသာနဲ့တွဲသုံးတဲ့ စကားရပ်မှာ
ချမ်းသာဟာ ရုပ်နာမ်တွေနဲ့ မဆက်စပ်ဘူးဆိုတာ
အထူးသတိပြုရမယ်။ဆိုလိုတာက နိဗ္ဗာချမ်းသာဆိုတာ ဘဝနဲ့တွဲနေတာ မဟုတ်ဘူး။
လူတွေက ချမ်းသာလို့ဆိုရင် ဘဝနဲ့တွဲတဲ့ ချမ်းသာတွေကိုပဲ အာရုံပြုတတ်တာကိုး။အဲဒီနေရာမှာ အာရုံပြုမှုလွဲနေရင် မဂ်ဉာဏ်မပေါ်နိုင်တော့ဘူး။
ဒါ့ကြောင့် အရိယာအရှင်မြတ်တွေက နိဗ္ဗာန်ဆိုတာ အာရုံပြုရတာ မဟုတ်ကြောင်း ဟောကြားထား
တာလည်း ကြားဖူးပါတယ်။
ထားပါတော့ ဒီစာဟာ နိဗ္ဗာန်အကြောင်း ခွဲခြမ်းစိတ်ဖြာဖို့ ရည်ရွယ်တာလည်း မဟုတ်ပါဘူး။
ငြီးငွေ့ခြင်း အကြောင်းကိုပဲ နားလည်လွယ်အောင်
ခွဲခြမ်းစိပ်ဖြာကြည့်ဖို့ ဖြစ်ပါတယ်။
#သုခကိုလည်း ငြီးငွေ့ရမယ်
----------------------------------------
ဘဝကိုငြီးငွေ့တယ်ဆိုတာ ဘဝထဲမှာပါနေတဲ့
သုချမ်းသာတွေကိုလည်း ငြီးငွေ့ရမယ်။ဘယ်ဉာဏ်ကို အခြေခံတာလဲဆိုရင် ခန္ဓာရဲ့ ဒုက္ခသစ္စာကို သိတဲ့
ဉာဏ်ပဲ။
ခန္ဓာဒုက္ခကို သိတယ်ဆိုတိုင်းလည်း ဒုက္ခသစ္စာသိပြီလို့ မဆိုနိုင်သေးဘူး။...ဥပမာ
ရောဂါဖြစ်လို့ ဆင်းရဲဝေဒနါ ခံစားရတာကိုသိတာက သစ္စာသိတဲ့ဉာဏ်မဟုတ်ဘူး။ သိစ္စာသိတဲ့ဉာဏ်ဆိုတာ အထူးရှုမှတ်ပြီး သိတဲ့ဉာဏ်ကိုမှ ခေါ်တာပါ။
အဲလို ခန္ဓာရဲ့သဘာဝကို အမှန်တိုင်းသိလာတဲ့အခါ
မမြဲတဲ့သဘောတွေနဲ့ အစိုးမရတဲ့သဘောတွေကြောင့် ဘဝဖြစ်ပြီး ခန္ဓာရနေခြင်းကို ငြီးငွေ့လာမယ်။
ငြီးငွေ့ပြီး ခန္ဓာမရှိခြင်းရဲ့သဘောကို ကျေနပ်လာမယ်။
သင်္ခါရတွေကနေ လွတ်မြောက်ချင်လာမယ်။
သင်္ခါနယ်ထဲက #သုခတွေဟာ ဒုက္ခတွေသာဖြစ်ကြောင်း ကိုယ်တွေ့နားလည်လာမယ်။
ဒါမျိုးတွေ ဖြစ်လာပြီဆိုမှ နိဗိန္ဒဉာဏ်ဖြစ်ပြီလို့
ဆိုနိုင်ပါတယ်။
(ဆက်လက်ရေးသားပါမည်)
#အရှင်တေဇနိယ (တောမှီရဟန်း)
