#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ဆီးရီးယားအပေါ် အရေးယူပိတ်ဆို့မှု တစ်စိတ်တစ်ပိုင်း ဂျပန်အစိုးရ ဖြေလျှော့
ဂျပန်အစိုးရသည် ဆီးရီးယားအပေါ်ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများကို တစ်စိတ်တစ်ပိုင်းဖယ်ရှားရန် ဆုံးဖြတ်လိုက်ကြောင်း တာဝန်ရှိသူများက မေ ၃၀ ရက်တွင်ပြောသည်။
ဆီးရီးယားကိုကာလရှည်ကြာအုပ်ချုပ်ခဲ့သော သမ္မတဘာရှာအာဆတ် လွန်ခဲ့သည့်နှစ်ဒီဇင်ဘာလတွင် ရာထူးပြုတ်ကျပြီးနောက် ဆီးရီးယားယာယီအစိုးရသည် နိုင်ငံတည်ဆောက်ရေးလုပ်ဆောင်နေပြီး နိုင်ငံတကာနှင့်ထိတွေ့ဆက်ဆံမှုများလည်း တိုးမြှင့်နေသည်။
ဂျပန်နိုင်ငံအနေဖြင့် ကနဦးတွင်ဆီးရီးယားဘဏ်လေးခုကို အရေးယူပိတ်ဆို့မှုစာရင်းမှ ပယ်ဖျက်ပေးရန်အစိုးရအဖွဲ့အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်။
ဆီးရီးယား၏အပြုသဘောဆောင်သည့် ကြိုးစားမှုများနှင့် နှစ်ပေါင်းများစွာ ဒုက္ခရောက်ခဲ့ရသောပြည်သူများကို ကူညီသင့်သည်ဟု ဂျပန်အစိုးရတာဝန်ရှိသူကပြောသည်။
ဆီးရီးယားငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးအတွက် ထိရောက်သော အစီအမံများဆောင်ရွက်ရန် ဂျပန်အနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ပူးပေါင်းသွားမည်ဟု၎င်းကပြောသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကလည်း ဆီးရီးယားအပေါ် အရေးယူပိတ်ဆို့မှု ဖြေလျှော့ပေးမည်ဟုကြေညာထားသည်။
ဆီးရီယားယာယီအစိုးရကလည်း နိုင်ငံအပေါ်ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများ ရုပ်သိမ်းပေးရန်နိုင်ငံတကာကို တောင်းဆိုထားသည်။ ဥရောပသမဂ္ဂကလည်း ဆီးရီးယားအပေါ် အရေးယူပိတ်ဆို့မှုများ အဆင့်ဆင့်ဖြေလျှော့ပေးမည်ဟု ထုတ်ဖော်ပြောဆိုထားသည်။
အင်န်အိတ်ချ်ကေ

image