#နိုင်ငံတကာသတင်း
◼ ဝန်ထမ်း ၂၀ ရာခိုင်နှုန်း လျှေ့ာချရန်ကုလသမဂ္ဂ ပြင်ဆင်နေ
ဘတ်ဂျက် ၃ ဒသမ ၇ ဘီလီယံမှ ၂၀ ရာခိုင်နှုန်းနှင့် ဝန်ထမ်းနေရာ ၆၉၀၀ ကို လျှော့ချရန်ကုလသမဂ္ဂ အတွင်း‌ရေးမှူးရုံးက ပြင်ဆင်နေကြောင်း ရိုက်တာက မြင်တွေ့ခဲ့သော ရုံးစာအရ သိရသည်။
တစ်စိတ်တစ်ပိုင်းအားဖြင့် ကုလသမဂ္ဂ၏ နှစ်စဉ် ရန်ပုံငွေ လေးပုံတစ်ပုံခန့်ကို ပေးအပ်နေသော အမေရိကန်ကြောင့် ဘဏ္ဍာ‌ရေး အကျပ်အတည်းဖြစ်ပေါ်နေစဉ် ဇွန်လ ၁၃ ရက် နောက်ဆုံးထား၍ ဖြတ်တောက်မှုစာရင်း အသေးစိတ်ကို ပေးပို့ရန် ယင်းစာတွင် ညွှန်ကြားထားသည်။
သမ္မတဒေါ်နယ်ထရန့်လက်ထက်၌ ကုလသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှု အေဂျင်စီများအား ချည့်နဲ့သွားစေခဲ့သော အမေရိကန်နိုင်ငံခြားအကူအညီ ဖြတ်တောက်မှုအပြင် အမေရိကန်သည် ကုလအား လက်ရှိဘဏ္ဍာနှစ် နှင့် အခြားနှစ်လက်ကျန်စုစုပေါင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံနီးပါး ပေးချေရန် ကျန်ရှိနေကြောင်း သိရသည်။
ကုလဘဏ္ဍာ‌ရေးဌာနအကြီးအကဲ ရာမာနာသန် က ထုတ်ပြန်ခဲ့သည့် ရုံးစာတွင်မူ အမေရိကန်က ပေးချေရန် ပျက်ကွက်မှုကို ဖော်ပြမထားဘဲ ယင်းဖြတ်တောက်မှုများမှာ မတ်လက စတင်ခဲ့သော "UN80" ပြန်လှန်သုံးသပ်မှု အစီအစဉ် တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်းသာ ပြောသည်။
ယင်းမှာ ၂၁ ရာစု နိုင်ငံစုံဝါဒကို အထောက်အပံ့ပေးရေး ၊ လူသားများ၏ဒုက္ခများကို လျှော့ချ၍ ပိုကောင်း‌သောဘဝများ နှင့် ပိုကောင်းသောအနာဂတ်ကို တည်ဆောက်ရေး ရည်မှန်းချက်များ နှင့် ကုလသမဂ္ဂအား ကိုက်ညီစေရန်ကြိုးပမ်းသည့် ရည်မှန်းချက်ကြီးမားသော အားထုတ်မှုဖြစ်ကြောင်း ရာမာနာသန် က ရုံးစာတွင် ပြောကြားသည်။
အဆိုပါ ဖြတ်တောက်မှုများသည် နောက်လာမည့် ကုလဘတ်ဂျက်နှစ်စတင်ချိန် ဇန်နဝါရီ ၁ ရက် တွင် စတင်အသက်ဝင်လာမည်ဖြစ်သည်။
ကုလသမဂ္ဂ၏ ဌာနကြီးများကို ပေါင်းစည်းပြီး ကမ္ဘာတစ်ဝန်းအရင်းအမြစ်များကို ပြောင်းရွှေ့ခြင်းများ ပါဝင်မည့် ကြီးမားသော အောက်ခြေသိမ်းပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန် စဉ်းစားနေကြောင်း ကုလအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ် က ယခုလအတွင်း ပြုလုပ်သည့် သတင်းသမားများနှင့် တွေ့ဆုံမှုများ၌ ပြောကြားခဲ့သည်။
ကုလသမဂ္ဂက အေဂျင်စီတချို့ကို ခိုင်မာအောင်လုပ်ဆောင်ခြင်း ၊ အချို့ကို ဖြတ်တောက်မှုလုပ်ခြင်း ၊ ဝန်ထမ်းများအား ကုန်ကျစရိတ်သက်သာသောမြို့များသို့ ပြောင်းရွှေ့ခြင်း၊ လွန်ကဲနေသောဗျူရိုကရေစီကို ဖြတ်တောက်ဖယ်ရှားခြင်းများ လုပ်ဆောင်သွားနိုင်ကြောင်းလည်း ၎င်းက ပြောကြားသည်။
ကုလသမဂ္ဂက အဆိုပြုထားသောဖြတ်တောက်မှုများနှင့် ပတ်သက်၍ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ပေးခြင်းမရှိ‌‌သော်လည်း ဒေါ်နယ်ထရန့် က အမိန့်ပေးထားသော လေ့လာမှုသည် ဩဂုတ်လစောစောပိုင်းတွင် ထွက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။
ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများအတွက် ငွေကြေးထောက်ပံ့မှုများအား လတ်တလောတွင် ပြန်လှန်သုံးသပ်နေကြောင်း အမေရိကန်ပြောခွင့်ရသူက ဆက်လက်ပြောသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters

image