#နိုင်ငံတကာသတင်း
◼ အိန္ဒိယနိုင်ငံသား တစ်ထောင်ကျော်ကို ထရန့်အစိုးရ ပြန်ပို့ခဲ့
ဇန်နဝါရီလမှစ၍ အိန္ဒိယနိုင်ငံသား တစ်ထောင်ကျော်ကို အမေရိကန်က ပြန်ပို့ခဲ့ကြောင်း သို့မဟုတ် နေရပ်ပြန်လာခဲ့ကြကြောင်း အိန္ဒိယနိုင်ငံခြား‌ရေးဝန်ကြီးဌာနက ပြောကြားသည်။
၎င်းတို့အနက် ၆၂ ရာခိုင်နှုန်း က ခရီးသည်တင်လေကြောင်းလိုင်းများဖြင့် ပြန်လာခဲ့ကြကြောင်း ပြောခွင့်ရသူ ရန်ဒါဂျိုင်စဝယ် က ပြောကြားသော်လည်း အသေးစိတ်ကို မပြောပေ။
အမေရိကန်နိုင်ငံသို့ စာရွက်စာတမ်းမရှိဘဲ ရွှေ့ပြောင်းနေထိုင်သူများအား ဒေါ်နယ်ထရန့် က နှိမ်နင်းမှုလုပ်‌ဆောင်နေစဉ် အိန္ဒိယ၏ ပြောကြားမှုထွက်ပေါ်လာခြင်းဖြစ်သည်။
တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများအား ပြည်နှင်ဒဏ်ပေးခြင်းနှင့်ပတ်သက်၍ အိန္ဒိယ က မှန်ကန်သောအရာကို လုပ်ဆောင်လိမ့်မည်ဖြစ်ကြောင်း ဒေါ်နယ်ထရန့် က အစောပိုင်းတွင် ပြောကြားခဲ့သည်။
ဖေဖော်ဝါရီလတွင် အမေရိကန် က အိန္ဒိယနိုင်ငံသား တစ်ရာကျော်အား စစ်လေယာဉ်ဖြင့်ပြန်ပို့ခဲ့ပြီး အချို့ကို သံကြိုးများဖြင့် ချည်နှောင်ထားခဲ့ကြောင်း သတင်းများက ဖော်ပြသည်။
လူဝင်မှုကြီးကြပ်ရေးကိစ္စရပ်များတွင် အိန္ဒိယ နှင့် အမေရိကန်ကြားတွင် အနီးကပ်ပူး ပေါင်း ဆောင်ရွ က်မှု များရှိကြောင်း နှင့် ပြန်ပို့လိုက်သူများအား မိမိတို့နိုင်ငံသားများ ဟုတ်၊ မဟုတ် ကို စိစစ်ပြီးမှသာ အိန္ဒိယနိုင်ငံက လက်သင့်ခံကြောင်း သတင်းသမားများနှင့် အပတ်စဉ် တွေ့ဆုံမှုတွင် ပြောခွင့်ရသူ မစ္စတာဂျိုင်စဝယ် က ပြောကြားသည်။
စုစုပေါင်း အိန္ဒိယနိုင်ငံသား ၁၈၀၀၀ ခန့် အမေရိကန်သို့ တရားမဝင်ရောက်ခဲ့သည်ဟု ယုံကြည်ကြောင်း အမေရိကန် က ဖော်ထုတ်ထားသည်ဟု ဆိုသည်။
အမေရိကန်နိုင်ငံတွင် ဗီဇာသက်တမ်းကျော်လွန်၍ နေထိုင်ခြင်းကြောင့် နေရပ်သို့ပြန်ပို့ခံရခြင်း ၊ ယင်းနိုင်ငံသို့ ထပ်မံဝင်ရောက်ခွင့် အမြဲတမ်းပိတ်ပင်ခံရခြင်းများ ဖြစ်နိုင်ကြောင်း နှင့် တရားဝင် ဝင်ရောက်ခဲ့လျှင်ပင် ထိုကဲ့သို့ အရေးယူခံရနိုင်ကြောင်း ယခုလအစောပိုင်းတွင် ဝါရှင်တန်မြို့မှ အိန္ဒိယသံရုံးက ထုတ်ပြန်ပြောကြားခဲ့သည်။
ထရန့်အစိုးရ က မကြာခင်က ပြောင်းလဲထားသော ကျောင်းသားဗီဇာများနှင့်ပတ်သက်၍လည်း အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးဌာနပြောခွင့်ရသူက မှတ်ချက်ပေးခဲ့ရာတွင် ဗီဇာထုတ်ပေးခြင်းမှာ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခု၏ လုပ်ပိုင်ခွင့် ဖြစ်သော်လည်း အိန္ဒိယကျောင်းသားများ၏ လျှောက်ထားမှုများအပေါ် အရည်အချင်းကို ကြည့်၍ စဉ်းစားမည်ဟု မျှော်လင့်ကြောင်း ပြောကြားသည်။
နိုင်ငံခြားသားကျောင်းသားများအတွက် ဗီဇာအင်တာဗျူးရက်ချိန်းပေးခြင်းများကို ရပ်တန့်ထားကြောင်း အမေရိကန် က ကြာသပတေးနေ့တွင်ကြေညာခဲ့သည်။
၂၀၂၃ - ၂၄ ခုနှစ်ပညာသင်နှစ်တွင် အိန္ဒိယနိုင်ငံသား ၃၃၀၀၀၀ သည် ပညာသင်ရန် အမေရိကန်သို့ သွားရောက်ခဲ့ကြပြီး ယင်းအတွက် အိန္ဒိယသည် အမေရိကန်နိုင်ငံအတွက် အကြီးမားဆုံး နိုင်ငံတကာကျောင်းသား အရင်းအမြစ်ဖြစ်ခဲ့သည်။
သတင်း-ရဲမင်း
ကိုးကား-BBC

image