အောင်မြင်မှုကို ဘယ်လိုသတ်မှတ်လဲဆိုတာ တစ်ယောက်နဲ့ တစ်ယောက် တူကြမှာ မဟုတ်ပါဘူး ။ ကျွန်တော့်အတွက်တော့ Sucess is a lifestyle ပါ ။ အောင်မြင်မှုဆိုတာ နေ့စဉ်ဘဝကို ဘယ်လို ဖြတ်သန်းလဲဆိုတာနဲ့ ထပ်တူကျပါတယ် ။ ကျွန်တော် ဝါသနာပါတဲ့ အလုပ်ကိုပဲ လုပ်ပါတယ် ။ လုပ်နေရတဲ့ အချိန်တိုင်းလည်း ပျော်ရွှင်ပါတယ် ။ ကျွန်တော် တစ်နေ့ ချမ်းသာချင်မှချမ်းသာမယ် ။ နာမည်ကြီးချင်မှ ကြီးမယ် ။ ဒါပေမဲ့ ကျွန်တော့်ကိုယ်ကျွန်တော်တော့ အောင်မြင်တယ်ပဲ ထင်ပါတယ် ။ ကျွန်တော် လုပ်ချင်တာတွေ လုပ်နေရတယ် ။ လုပ်ချင်တာတွေ နေ့စဉ်လုပ်နေရတဲ့သူလောက် အောင်မြင်တဲ့သူ ရှိမယ် မထင်ပါဘူး ။
မိမိ ချစ်မြတ်နိုးတဲ့အလုပ်ကိုလုပ်ရင်း နေ့တိုင်း ပိုကောင်း တဲ့လူတစ်ယောက်ဖြစ်အောင် ကြိုးစားပါတယ် ။ ကျွန်တော် သူတော်ကောင်းကြီးတစ်ယောက် မဟုတ်ပါဘူး ။ စိတ်ထားမြင့်မြတ်သူလည်း မဟုတ်ပါဘူး ။ ဒါပေမဲ့ ကျွန်တော် စိတ်ထားတော့ လုံးဝမယုတ်မာပါဘူး ။ ဘယ်သူ့ကိုမှ မကောင်းမကြံပါဘူး ။ အများကို ကူညီနိုင်အောင်လည်း အမြဲ ကြိုးစားပါတယ် ။ အဲဒီအတွက် ကျွန်တော့်ဘဝကို ကျွန်တော် ကျေနပ်ပါတယ် ။ စက္ကန့်တိုင်းတော့ ကျွန်တော် ပျော်ရွှင် မနေပါဘူး ။ လူသားပီပီ စိတ်ညစ်တာတွေလည်း ရှိတတ်ပါတယ် ။
ဒီစာအုပ်လေးထဲက နည်းလမ်းတွေကို ကျင့်သုံးပြီး စိတ်ညစ်စရာတွေကို ဖျောက်ပစ်ပါတယ် ။ ကျွန်တော့်ဘဝတစ်လျှောက် ကျွန်တော် အမြဲကြိုးစားခဲ့ပါတယ် ။ ကျွန်တော် နောင်တရတဲ့အရာ ခပ်ရှားရှားပါပဲ ။ မိမိချစ်မြတ်နိုးတာကိုသာ အမြဲကြိုးစားနေတဲ့အတွက် အောင်မြင်ခြင်း နဲ့ ငွေကြေးက သူ့အလိုအလျောက် လိုက်လာပြီးသားဖြစ်ပါတယ် ။ အရမ်းချမ်းသာတဲ့အဆင့် မရှိပေမယ့် စားဖို့သောက်ဖို့ စိတ်ပူရတဲ့အဆင့်ထဲတော့ မပါတော့ပါဘူး။ နောင်လည်း အမြဲကြိုးစားနေမှာဖြစ်သလို အမြဲလည်း ပျော်အောင် နေမှာဖြစ်ပါတယ် ။
လူဆိုတာ အချိန်တိုင်း သေဆုံးသွားနိုင်ပါတယ် ။ ကျွန်တော် အခု ဒီစာရေးနေတဲ့အချိန် မှာ အသက် ၂၅ နှစ်ဆိုပေမယ့် ဒီအသက်အရွယ်မှာ သေသွားတဲ့သူတွေလည်း အများကြီးရှိပါတယ် ။ သေခြင်းတရားဟာ အသက်အရွယ် မရွေးပါဘူး ။ တစ်နေ့နေ့မှ ပျော်မယ်လို့ ဆုံးဖြတ်ထားရင် သေတဲ့အချိန် နောင်တရပါလိမ့်မယ် ။ မိမိရဲ့နေ့စဉ်နေ့တိုင်းကိုသာ အကောင်းဆုံးဖြစ်အောင် ကြိုးစားပါ ။ နေ့တိုင်း အကောင်းဆုံးဖြစ်ရင် ၃၆၅ ရက်နဲ့ ဖွဲ့စည်းထားတဲ့ ဒီနှစ်လေးဟာလည်း အောင်မြင်တဲ့ နှစ်လေး တစ်နှစ် ဖြစ်ပါလိမ့်မယ် ။ နှစ်တိုင်း အကောင်းဆုံးဖြစ်အောင် ကြိုးစားရင် အဲဒီနှစ်တွေနဲ့ ဖွဲ့စည်းထားတဲ့ သင့်ရဲ့ဘဝလေးဟာလည်း အောင်မြင်မှုတွေနဲ့ ပြည့်နှက်နေပါလိမ့်မယ် ။
#မိုးရှင်း

image