15 w - Translate

ဖားကန့် လုံးခင်းမှာ တိုက်ပွဲကြောင့် လူငါးယောက်သေပြီး ခုနှစ်ယောက် ဒဏ်ရာရ
မေ - ၃၀ ၊ ၂၀၂၅
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းရွာမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအကြားမှာ လူ ငါးယောက်သေဆုံးခဲ့ပြီး ခုနှစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လက်ရှိမှာ ပစ်ခတ်မှုတွေမရှိတော့ဘဲ တိုက်ပွဲရပ်သွားပြီဖြစ်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
လုံးခင်းမှာတွေ့ရှိရတဲ့ သေဆုံးသူတွေက အမျိုးသမီးတယောက်နဲ့ အမျိုးသားလေးယောက်တို့ဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူတွေထဲမှာတော့ လက်နက်ကြီးနေအိမ်ပေါ်ကျလို့ မိသားစုလိုက်ထိခိုက်မှုလည်းရှိတယ်လို့သိရပါတယ်။
" တနေ့က နေ့ခင်းလောက်ကတည်းက စစ်ကြောင်းထွက်သွားပြီးနောက် လုံးခင်းကအခြေအနေအေးဆေးဖြစ်သွားပါတယ်။သေဆုံးသူကတော့ငါးယောက်ပါ။အကုန်လုံးဆေးရုံပို့လိုက်ပါပြီ။ ဒဏ်ရာရသူတွေကတော့ဆက်ကုတုန်းပါ။အဆောက်အဦးထိခိုက်မှုတချို့လည်းရှိထားပါတယ်။" လို့ လုံးခင်းဒေသခံကပြောပါတယ်။
တိုက်ပွဲကတော့ လုံးခင်းကနေ စစ်တပ်စစ်ကြောင်းထွက်ခွာသွားတဲ့ မေလ ၂၉ နေ့ကတည်းက တိုက်ပွဲရပ်သွားတာဖြစ်ပြီး အဲဒီနောက် ပစ်ခတ်မှုမရှိတာကြောင့် လုံးခင်းရွာအတွင်းကို ဝင်ရောက်ပြီး သေဆုံးရုပ်အလောင်းတွေနဲ့ ထိခိုက်ဒဏ်ရာရ ရှိသူတွေကို သယ်ယူကာ လုံခင်းဆေးရုံကိုပို့ဆောင်နိုင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။
တိုက်ပွဲကတော့ ကာမိုင်းကနေတက်လာတဲ့ စစ်တပ်စစ်ကြောင်းအပါအဝင် ငြိမ်းချမ်းသာ ၊လယ်ပြင် ၊လုံးခင်း အထိုင်တပ်စခန်းတွေပေါင်းပြီး KIA ၊KPDF တပ်အကြား မေ ၂၈ ရက်မှာ လုံးခင်းေနရာစုံမှာ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာတော့ စစ်တပ် စစ်ကြောင်းက လုံးခင်းကနေထွက်ခွာသွားပြီး ဖားကန့်မြို့ရှိ တပ်မကုန်းကို ရောက်ရှိနေပြီဖြစ်ကြောင်း၊ စစ်ကြောင်းရောက်လာတဲ့အတွက် တိုက်ပွဲဖြစ်မှာကို ဒေသခံတွေစိုးရိမ်နေကြတယ်လို့သိရပါတယ်။
" အခြေအနေက ခုထိတော့ငြိမ်နေတယ်။ငြိမ်နေတော့လည်းကြောက်ရတာပဲ။မိုးကလည်းရွာနေတယ်။မှော်ဆီဆာဘက်၊ဆိုင်းတောင်၊ ဝှေခါဘက်တော့ ရှောင်ကြဖို့အချင်းချင်းသတိပေးနေတာရှိတယ်။ ကျွန်တော်လည်းအထုပ်တော့ပြင်ထားတယ်။အရေးပေါ်ဆို ပြေးဖို့ပြင်ထားတယ်။ " လို့ ဖားကန့်ဒေသခံကပြောပါတယ်။
လက်ရှိအထိတော့ ဖားကန့်မှာ တိုက်ပွဲ ဖြစ်ပွားတာမျိုးမရှိသေးပေမယ့်လည်း ဒေသခံတွေကတော့ အိမ်အပြင်ဘက် လမ်းမထက်မှာ သွားလာသူမရှိသလောက်နည်းသွားပြီး ဆိုင်အချို့နဲ့ နေအိမ်တွေလည်းပိတ်ထားကြတယ်လို့သိရပါတယ်။
နစကအနေနဲ့ ဖားကန့်ဒေသတခုလုံးကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ကြောင်း ၊ လက်ရှိမှာလယ်ပြင်စခန်း၊ ငြိမ်းချမ်သာ၊ မဇွပ်ယန်ထောင်၊ ကံဆီးဗျူဟာကုန်း၊ ကန်းခေါင်၊ လုံးခင်း မျောက်ကုန်း၊ ဖားကန့်တပ်မကုန်းနဲ့ ဖားကန့်ရဲစခန်းတွေကတော့ နစက ထိန်းချုပ်ထားဆဲဖြစ်တယ်လို့သိရပါတယ်။
ဓာတ်ပုံ - ဒေသခံ

image
image
image