#ယနေ့ထုတ်သတင်းစာ_အားကစားသတင်း
◼ အယ်ဟီလာသို့ပြောင်းရွှေ့ရန် ရော်နယ်ဒို သဘောတူညီလိုက်ပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်လာ
အယ်နာဆာတိုက်စစ်မှူး ရော်နယ်ဒိုသည် ဆော်ဒီပရိုလိဂ်ပြိုင်ဘက် အယ်ဟီလာသို့ပြောင်းရွှေ့ရန် သဘောတူညီလိုက်ပြီဖြစ်ကြောင်း ဒေသတွင်းမီဒီယာတစ်ခု၏ ဖော်ပြချက်အရသိရှိရသည်။
ရော်နယ်ဒို၏ အယ်နာဆာသည် လာမည့်ဇူလိုင်လတွင်ကျင်းပမည့်ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်ခွင့်နှင့်လွဲချော်ခဲ့ပြီးနောက် ပေါ်တူဂီတိုက်စစ်မှူးမှာ အဆိုပါပြိုင်ပွဲတွင်ပါဝင်နိုင်ရေး ဆန္ဒပြင်းပြနေပြီး ဇွန်လတွင် ကုန်ဆုံးမည့်၎င်း၏စာချုပ်ကို သက်တမ်းတိုးမြှင့်ခြင်းမပြုဘဲ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာ၍ အသင်းပြောင်းရွှေ့ရန်ပြင်ဆင်နေခြင်းလည်းဖြစ်သည်။
မူလကမူရော်နယ်ဒိုသည် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိထားသည့် ဘရာဇီးကလပ်တစ်သင်းသင်းသို့ပြောင်းရွှေ့ဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်ခဲ့သေးသော်လည်း ယခုအခါတွင်မူ ဆော်ဒီအာရေဗျအခြေစိုက်သတင်းဌာနတစ်ခုဖြစ်သည့် Okaz က အယ်ဟီလာသို့ပြောင်းရွှေ့ရန် သဘောတူညီချက်ရရှိခဲ့ကြောင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။
အဆိုပါသတင်းဌာန၏ ဖော်ပြချက်များအရ အယ်ဟီလာ၏ ဘုတ်အဖွဲ့ဝင်များကြား ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ရော်နယ်ဒိုကိုခေါ်ယူရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့ပြီး ယခုအခါ ကစားသမားအနေဖြင့်လည်း အဆိုပါ ကမ်းလှမ်းချက်ကို သဘောတူညီခဲ့ပြီး စာချုပ်ပါ အသေးစိတ်အချက်အလက်များကို ပြင်ဆင်နေပြီဖြစ်ကြောင်းလည်း ထပ်မံသိရှိရသည်။
အယ်ဟီလာသည် နေမာထွက်ခွာသွားပြီးနောက် ပြယုဂ်ကစားသမားတစ်ဦးကိုခေါ်ယူရန် စိတ်အားထက်သန်နေကာ အယ်နာဆာတွင် စုစုပေါင်း ၁၁၁ ပွဲတွင် ၉၉ ဂိုး အထိ သွင်းယူပေးထားနိုင်သော ရော်နယ်ဒိုကိုပစ်မှတ်အဖြစ် သတ်မှတ်လုပ်ဆောင်ခဲ့ခြင်းလည်း ဖြစ်သည်။

image