15 w - Translate

ဒေါ်လာ ၀.၈၆၆ သန်း ပမာဏရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံတစ်ခု ရန်ကုန်တိုင်းသို့ ဝင်ရောက်
ရန်ကုန်၊ မေ ၂၉
အမေရိကန်ဒေါ်လာ ၀.၈၆၆ သန်း ပမာဏရှိတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုကို အတည်ပြုပေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (YRIC) ရဲ့ မေလ ၂၈ ရက်နေ့ အစည်းအဝေးမှ သိရပါတယ်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဟာ စက်မှုကဏ္ဍမှာ ဝင်ရောက်လုပ်ကိုင်သွားမှာဖြစ်ပြီး CMP စနစ်နဲ့ အဝတ်အထည် ချုပ်လုပ်ခြင်းလုပ်ငန်းတွေ ဆောင်ရွက်သွားမှာပါ။
ဒါ့အပြင် ငွေကျပ် ၆.၆၁၃ ဘီလီယံ ရင်းနှီးမြှုပ်နှံဆောင်ရွက်မယ့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂ ကိုလည်း အတည်ပြု လုပ်ကိုင်ခွင့်ပေးခဲ့ပါတယ်။
နိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂ ခုကတော့ မိုတယ်ဝန်ဆောင်မှုလုပ်ငန်းနဲ့ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းတွေ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
ယခုတစ်ကြိမ် ခွင့်ပြုလိုက်တဲ့ ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၃ ခုကနေ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း ၁၂၂၀ နေရာအတွက် ဖန်တီးပေးနိုင်မယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြည်တွင်းဝန်ထမ်း ၂၅၀၀ ထပ်မံတိုးမြှင့်ခန့်ထားမယ့် ကုမ္ပဏီတစ်ခုအပါအဝင် အထွေထွေကိစ္စရပ်တွေ တင်ပြလာတဲ့ ကုမ္ပဏီ ၁၄ ခုရဲ့ တင်ပြချက်တွေကိုလည်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေနဲ့ မေလအတွင်း အမေရိကန်ဒေါ်လာ ၃၅.၇၇၈ သန်း ပမာဏရှိတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၃ ခု ခွင့်ပြုပေးထားပြီး ဧပြီလမှာလည်း ဒေါ်လာ ၂.၈၅၄ သန်း ပမာဏရှိတဲ့ FDI လုပ်ငန်း ၂ ခု ဝင်ရောက်ခဲ့ပါတယ်။

image
image
image
image