#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ရုရှားသမ္မတပူတင် ပြဿနာမီးမွှေးရှာနေကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့် ထပ်မံဝေဖန်
ရုရှားသမ္မတပူတင်အနေဖြင့် ပြဿနာကိုမီးမွှေးရှာနေကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်က မေ ၂၇ ရက်တွင် ထပ်မံဝေဖန်လိုက်ကြောင်း သိရသည်။
ယူကရိန်းစစ်ပွဲကို အကြောင်းပြု၍ ရုရှားနိုင်ငံကို အရေးယူပိတ်ဆို့ မှုများပြုလုပ်ရန် အမေရိကန်အစိုးရကစဉ်းစားနေချိန်တွင် သမ္မတဒေါ်နယ်ထရန့်က ရုရှားသမ္မတကိုထပ်မံဝေဖန်ခဲ့ခြင်းဖြစ်သည်။
ရုရှားနှင့် ယူကရိန်း အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲများ ရပ်တန့်နေမှုနှင့် ပတ်သက်၍ အမေရိကန်သမ္မတဒေါ်နယ်ထရန့်အနေဖြင့် စိတ်ပျက်လက်ပျက်ဖြစ်နေကြောင်း သိရသည်။
ရုရှားနိုင်ငံက မေ ၂၄ ရက်တွင်ယူကရိန်းနိုင်ငံကို လေကြောင်းတိုက်ခိုက်မှုကြီးတစ်ရပ် လုပ်ဆောင်ခဲ့ပြီးသည့် နောက်တွင်လည်း သမ္မတပူတင်အနေဖြင့် စိတ်ဖောက်နေပြီဖြစ်ကြောင်း ဒေါ်နယ်ထရန့်က ဝေဖန်ထားသည်။
သမ္မတပူတင်အနေဖြင့် ပြဿနာကိုမီးထွန်းရှာနေကြောင်း၊ ၎င်းအနေဖြင့် ရုရှားနိုင်ငံအတွက်အလွန်ဆိုးရွားသော အကျိုးဆက်များ ပေါ်ထွက်လာနိုင်သည်ကို အသိမဝင်သေးကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ၎င်း၏လူမှုမီဒီယာစာမျက်နှာပေါ်တွင် ရေးသားထားသည်။
မိမိအနေဖြင့် ရုရှားနိုင်ငံအပေါ်အရေးယူပိတ်ဆို့မှုများ ထပ်မံချမှတ်ရေးအတွက် စဉ်းစားနေပြီဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရန့်က ပြီးခဲ့သည့် ရက်ပိုင်းအတွင်းပြောကြားထားသည်။
သမ္မတဒေါ်နယ်ထရန့်၏ မေ ၂၇ ရက် ဝေဖန်ချက်ကို ရုရှားအစိုးရ က တစ်စုံတစ်ရာ တုံ့ပြန်ခြင်းမရှိသေးပေ။
ရိုက်တာ

image