#ငါးရံ့နှင့်မရမ်းသီးဆားစိမ်ကလယ်ချက်
ဒီနေ့တော့ မွန်ပြည်နယ်ဖက်ကချက်လေ့ရှိတဲ့
ကလယ်ချက်ပုံစံလေးကိုမွန်အငွေ့အသက်တွေပိုလွှမ်းထုံသွားအောင် မရမ်းသီးနုနုဆားရည်စိမ်လေးထည့်ချက်ထားတော့ မဆလာနံ့သင်းသင်း
ချိုချဥ်ပြုံးအရသာလေးနဲ့စားမြိန်ခံတွင်းတွေ့စေမယ့်ငါးဟင်းတခွက်ပါပဲ။
မရမ်းသီးဆားရည်စိမ်ဆိုတာ အချဥ်ပေါင်းလိုစားတဲ့ခံတွင်းလိုက်စာမဟုတ်ပဲ ဟင်းချက်တဲ့အခါထည့်ချက်ဖို့ဆားရည်နဲ့ချည်းသီးသန့်စိမ်ထားတဲ့ဆားရည်စိမ်သာဖြစ်ပါတယ်။
ဒီဟင်းလေးချက်မယ်ဆိုအထက်မှာဖော်ပြထားတဲ့မရမ်းသီးဆားရည်စိမ်လေးရှိရပါမယ်။
ကျွန်တော်က အရင်နှစ်ကစိမ်ထားတဲ့လက်ကျန်လေးရှိလို့ထည့်ချက်ပါတယ်။မရှိဘူးဆိုလဲခုလိုမရမ်းသီးပေါချိန်မို့အစိမ်းကိုထက်ခြမ်းခွဲပြီးဆားနဲ့နှပ်ထားကာ ချက်တဲ့အချိန်မှရေဆေးပြီးထည့်ချက်လို့ရပါတယ်။
ချက်မယ်ဆိုရင် ငါးရံ့ကွင်းလေးတွေကိုရေဆေးပြီး၊ဆားခပ်များများ၊အရသာမှုန့်နဲ့နယ်ထားပါ။
ကြက်သွန်နီ ၁ခြမ်း၊ ကြက်သွန်ဖြူအမွှာကြီး၅ မွှာလောက်ကိုဂေါ်ရန်ဂျီမဆလာ၊ ဇီယာစေ့၊ငရုတ်စိမ်းမှုန့်၊ငရုတ်သီးခွဲခြမ်းမှုန့်၊နနွင်းမှုန့်တို့နဲ့ညှက်စေးနေအောင်ထောင်းပါ။ ကျွန်တော်ကပိုမွှေးအောင်ငရုတ်လှော်မှုန့်လေးအနည်းငယ်ပါထည့်ထောင်းပါတယ်။
ထိုထောင်းထားသောအနှစ်ကိုဆီသပ်ပြီးမွှေးလာပြီဆိုခရမ်းချဥ်သီးသေးသေးတလုံးနုပ်နုပ်စဥ်းထည့်ပြီး အနှစ်ကျ ၊ဆီပြန်နေအောင်ချက်ပါ။
အနှစ်ကျပြီဆိုမှ ငါးရံ့တွေကိုရေပြန်ဆေးပြီးထည့်ပါ။ ဆုံကျင်းရည်လေးအနည်းငယ်ထည့်ပြီးအဖုံးအုပ်ထားပါ။
ဆီပြန်လာပြီဆိုမှ မရမ်းသီးဆားစိမ်လေး ၅-၆လုံးထည့်ပါတယ်၊ ရေနွေးလေးအနည်းငယ်ဖြည့်ပြီးနောက်တကြိမ်ရေခမ်း၊ဆီပြန်လာပြီဆိုနံနံပင်လေးအုပ်ပေးရုံပါပဲ။
