စိတ်ဆွပေးတဲ့ မွေထိုင်းဖိုက်တာ အစ်ကျူစံ
ရိုးရာလက်ဝှေ့လာထိုးတဲ့ မွေထိုင်းသမား (အများစု) က ယုံရတာ မဟုတ်ဘူး။ ဆမ်ခွန်ဖြစ်လိုက် ဖက်ဆီနီးဖြစ်ဖြစ်လိုက် ဖက်နီခွန်ဖြစ်လိုက်ဆိုပေမယ့် လူက တစ်ယောက်တည်း။ နာမည်ပြောင်းပြီး လာထိုးတယ်။ အထိနာရင် ဆင်းတယ်။ ထပ်ထိုးလို့ရပေမယ့် အလွယ်ပဲ အရှုံးပေးသွားကြတယ်။ အများစုက Ranking မဝင်တဲ့ အပေါစားတွေပါ။
ရှုံးရှုံးနိုင်နိုင် ထိုးကြေးတစ်မျိုးတည်း ပေးတာထက် ဘယ်အချီမှာရှုံးရင် ဘယ်လောက်၊ သရေကျရင် ဘယ်လောက်၊ နိုင်ရင် ဘယ်လောက်ဆိုပြီး ထိုးကြေးခွာချုပ်ထားမှ ပိုသင့်တော်မယ်။ ပထမအချီမှာ အရှုံးပေးပြီး ထိုးကြေးအပြည့်ယူသွားရင် မမိုက်ဘူး။ လာဂျင်းထည့်သလို ခံစားရတယ်။
ဒါပေမဲ့ အခုစာရင်းထဲမှာ အစ်ကျုစံမပါဘူး။ အစ်ကျူစံက ပရိသတ်ကို မညာဘူး။ ဆက်ထိုးလို့ရသလောက် ထိုးသွားတယ်။ နောက်ဆုံးမရတော့မှပဲ အရှုံးပေးသွားတယ်။ ဒီအချက်က လေးစားဖို့ ကောင်းတယ်။ အစ်ကျူစံလည်း ထိပ်တန်းအဆင့်ကို ရောက်ခဲ့ဖူးပေမယ့် မြန်မာပြည်ကို လာထိုးတော့ ကျရိပ်ပြနေပြီ။
အစ်ကျူစံက ထောင့်မကျိုးဘူး။ မျက်နှာကလည်း မချိုမချဥ်။ အသာစီးရရင် မခန့်လေးစားလုပ်တယ်။ ကော့ပြတယ်။ ပြိုင်ဘက်ကို စိတ်ဆွတယ်။ သွေးဆူလွယ်တဲ့ မြန်မာပရိသတ်တွေက သူ့ကို အမြင်ကတ်ရင် ကတ်မှာပေါ့။
မြန်မာပရိသတ်တွေက အစ်ကျူစံကို ၂၀၁၃ ခုနှစ်တည်းက သိတယ်။ မွေထိုင်းပွဲမှာ အစ်ကျူစံက ထက်အောင်ဦးကို အသာစီးထိုးပြီး အမှတ်ပြတ်နိုင်သွားတယ်။ တောင်ကလေးသား ထက်အောင်ဦးက အမာတစ်လိုင်း။ နည်းစနစ်ထက် မာဂုဏ်ကို ဦးစားပေးတယ်။ မျက်ခုံးမျက်ဖန်က ကွဲလွယ်တယ်။ အခုပွဲမှာလည်း အစ်ကျူစံရဲ့ထိချက်တွေကြောင့် ကွဲပြဲသွားတာပါ။ စိတ်ဝင်စားရင် ဒီမှာ bit.ly/3ATHzpB ကြည့်ပါ။
၂၀၁၄ ခုနှစ်မှာလည်း အစ်ကျူစံက သပြေညိုကို အမှတ်ပြတ်နိုင်သေးတယ်။ မွေထိုင်းပွဲဖြစ်လို့ အစ်ကျူစံက အသာရတယ်။ ကစားတာကလည်း (၆၈) ကီလိုဂရမ်။ အဲဒီအချိန်မှာ သပြေညိုက (၆၃) ကီလိုဂရမ်ထက် မပိုပါဘူး။ တက်ဝိတ်ဖြစ်နေလို့ ခွန်အားကွာတယ်။ အစ်ကျူစံက သပြေညိုကို ဘောလုံးလေးလို လှိမ့်ကန်ပစ်တယ်။ သပြေညိုက အနားကပ်လို့တောင် မရဘူး။ စိတ်ဝင်စားရင် ဒီမှာ bit.ly/3pQ2BPn ကြည့်ပါ။
၂၀၁၆ ခုနှစ်မှာ အစ်ကျူစံက ရဲတံခွန်ကို အလဲထိုးဖူးတယ်။ ညာခြေကန်ချက်က ရဲတံခွန်ကို အထိနာစေတယ်။ ကြိုးဝိုင်းထောင့်မှာ ရဲတံခွန်က အစ်ကျူစံကို အတင်းဝင်ထိုးတယ်။ အစ်ကျူစံ ညာဝိုက်လက်သီးထိုးပြီး ကောင်တာဖမ်းထားတယ်။ အဝင်နဲ့ အထိုး နှစ်အားပေါင်းပြီး ရဲတံခွန် ကျသွားတာပါ။ စိတ်ဝင်စားရင် ဒီမှာ bit.ly/3ATHzpB ကြည့်ပါ။
မြန်မာပရိသတ်တွေက အစ်ကျူစံကို တော်တော်ချဥ်နေပြီ။ ထက်အောင်ဦး၊ သပြေညိုနဲ့ ရဲတံခွန်တို့ကို လုပ်ချင်တိုင်းလုပ်ထားတယ်။ မြန်မာပြည်ထိပ်တန်းဖိုက်တာနဲ့ တည်ပေးစေချင်တယ်။ အစ်ကျူစံကလည်း နယ်မရွေးဘူး။ ရိုးရာလက်ဝှေ့စည်းမျဥ်းလည်း လာထားပဲ။
စိုးလင်းဦးနဲ့ အစ်ကျူစံကို တည်ပေးဖူးပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ပွဲမဖြစ်ဘူး။ အဲဒီတုန်းက ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမားနှစ်ယောက်ကို သေဒဏ်ပေးတဲ့ ကိစ္စနဲ့ တိုက်ဆိုင်နေပြီး ဂယက်ရိုက်နေလို့ ပွဲမဖြစ်တာလို့ မှတ်မိတယ်။ အစ်ကျူစံကို ရိုးရာလက်ဝှေ့ကြိုးဝိုင်းမှာ ပထမဆုံးဧည့်ခံရတာ စောဂေါ်မူဒိုပဲ။
၂၀၁၇ ခုနှစ်မှာ အစ်ကျူစံနဲ့ စောဂေါ်မူဒိုတွဲဆိုင်းကို ရုံထဲမှာ အားပေးဖူးတယ်။ စောဂေါ်မူဒိုက ထက်အောင်ဦးနဲ့ ရဲတံခွန်ထက် အဆင့်သာတဲ့ ပြိုင်ဘက်ဖြစ်နေလို့ အစ်ကျူစံလည်း အရင်လို အသာမရတော့ဘူး။ သရေကျသွားတယ်။ စိတ်ဝင်စားရင် ဒီမှာ bit.ly/3ThJtaJ ကြည့်ပါ။
အစ်ကျူစံနဲ့ ဖျံသွေးတို့ ဆုံခဲ့ဖူးသေးတယ်။ ဖျံသွေးရဲ့ပါဝါလက်သီးကြောင့် အစ်ကျူစံက အထိနာတယ်။ အမှတ်စဥ် အရေခံရတယ်။ ကံကောင်းလို့ မရှုံးတာပါ။ တော်တော်အီသွားတယ်။ စိတ်ဝင်စားရင် ဒီမှာ bit.ly/3RgPen3 ကြည့်ပါ။
ရိုးရာလက်ဝှေ့မှာ အစ်ကျုစံကို ပထမဆုံးရှုံးပွဲ ကြုံစေခဲ့တာ စိုးလင်းဦးပဲ။ အစ်ကျူစံက ဘယ်ခြေနင်းပြီး Range Control လုပ်တယ်။ ညာခြေက Body Shot ကန်တယ်။ ဒါပေမဲ့ စိုးလင်းဦး ဖိအားပေးတာကို မခံနိုင်ဘူး။ ပူးကပ်မိရင် ပင့်လက်သီးကြောင့် အစ်ကျူစံက ရုန်းကန်ရတယ်။
တတိယအချီမှာ အစ်ကျူစံက စိတ်လွတ်သွားတယ်။ ကြိုးဝိုင်းဘေးမှာ ဆိုင်ထိုးပြိုင်ထိုးလုပ်တယ်။ နင်မလဲ၊ ငါမလဲ ထိုးတာပါ။ အသက်ရှူဖို့တောင် မေ့ရတဲ့ အခိုက်အတန့်ပဲ။ စိုးလင်းဦးရဲ့ တွဲလုံးထိပြီး အစ်ကျူစံလည်း မှောက်သွားတယ်။ စိတ်ဝင်စားရင် ဒီမှာ bit.ly/3CzYpuP ကြည့်ပါ။
သွေးသစ်ဝင်းလှိုင်က အစ်ကျူစံကို နည်းစနစ်ပိုင်း အသာစီးထိုးသွားတာပါ။ အစ်ကျူစံ ဘယ်လိုမှ မယှဥ်နိုင်ဘူး။ သွေးသစ်ဝင်းလှိုင်သာ Aggressive ဖြစ်ရင် အစောပိုင်းတင် ပွဲပြီးသွားနိုင်တယ်။ စတုတ္ထအချီမှာ အစ်ကျူစံက ဘယ်လိုမှ မရတော့ဘူး။ အလဲထိုးခံလိုက်ရတယ်။ စိတ်ဝင်စားရင် ဒီမှာ bit.ly/3e2UDjp ကြည့်ပါ။
ကြည့်ရသလောက် အစ်ကျူစံက မညစ်ပါဘူး။ ဒါကို သဘောကျတယ်။ အသာစီးရရင် စိတ်ဓာတ်စစ်ဆင်ရေးလုပ်တာက သူ့အကျင့်။ မိုက်သွေးပါတယ်။ လူက ခပ်ရူးရူးရယ်။ စစ်သီချိုင်းလို ကစားသမားကို အလဲထိုးပြီး Omnoi Stadium ရဲ့ ဝယ်တာဝိတ်ချန်ပီယံဖြစ်ဖူးထားလို့ အစ်ကျူစံက မွေထိုင်းမှာလည်း အဆင့်တစ်ခုမှာ ရှိနေတယ်။
အစ်ကျုစံက Body Kick ကောင်းတယ်။ နံဘေးကို ကွက်တိပဲ။ ကောင်တာစောင့်ပြီး ညာဝိုက်ထိုးတယ်။ ကျွံလာရင် တံတောင်ရိုက်ချတယ်။ ကစားဟန်က ဖျော်ဖြေရေးဆန်တယ်။ မွေထိုင်းစည်းမျဥ်းမှာ ထက်အောင်ဦး၊ သပြေညိုနဲ့ ရဲတံခွန်တို့ကို နိုင်ဖူးပေမယ့် ရိုးရာလက်ဝှေ့မှာ နိုင်ပွဲမရဖူးဘူး။ အစ်ကျူစံက စောဂေါ်မူဒိုနဲ့ ဖျံသွေးကို သရေကျပြီး စိုးလင်းဦးနဲ့ သွေးသစ်ဝင်းလှိုင်ကို အလဲထိုးရှုံးထားတယ်။ အားပေးနေဆဲပါ အစ်ကျူစံရေ။
