#end
ဂရိတ်အော့ခ်ရဲ့ နောက်နာမည်ကို ကြားရင် ပိုအံ့ဩရမယ်။ penguin တဲ့။ ဝေလဘာသာ (Welsh) နဲ့ pen ဆိုတာ ဦးခေါင်း၊ gywn ဆိုတာ အဖြူရောင်ကနေ လာတာပါ။ ဒီတော့ penguin ခေါင်းဖြူငှက်လို့ အဓိပ္ပာယ်ရတယ်။ ၁၇၉၁ခုနှစ်မှာ ဂရိတ်အော့ခ်ဟာ သိပ္ပံနာမည်ရလာတယ်။ အဲဒီ့နာမည်ကလည်း ခပ်ဆင်ဆင် Pinguinus impennis တဲ့။ ဒါပေမယ့် ဝေလဘာသာစကား “penguin” ကနေ ယူထားတာ မဟုတ်ဘူး။ “လုံးဝိုင်းဝိုင်း” လို့အဓိပ္ပာယ်ရတဲ့ လက်တင်စာလုံး “pinguis” ကနေ ယူထားတာပါ။ (impennis ကတော့ – im မရှိ၊ pennae – တောင်ပံငှက်မွေး၊ တောင်ပံမှာ ငှက်မွေးမရှိ လို့ အဓိပ္ပာယ်ရတယ်။ သူက မပျံတဲ့ငှက်ဆိုတော့ အမွေးအတောင်ရှည်ကြီးတွေ မရှိဘူးကိုး။)
ပိုထူးခြားတာက အဲဒီ့ “penguin” နာမည်က ၁၆ရာစု စာပေထဲမှာ စတွေ့ရပြီ။ ဒီတော့ အဲဒီ့ထက်လည်း ပိုစောလိမ့်မယ်။ အိုက်စလန်ကို လူတွေရောက်နေတာလည်း အလယ်ခေတ် (၉ရာစု) တည်းကဆိုတော့ ဒီဝေလနာမည်က ၁၆ရာစုထက်လည်း စောလိမ့်မယ်။ ဒီတော့ အလယ်ခေတ်တုန်းက လူတွေ အန္တာတိကတိုက်ကို မရောက်ဖူးသေးဘူး။ ဒီနေ့ ခေါ်နေတဲ့ ပင်ဂွင်းဆိုတာ ရှိမှန်းလည်း မသိကြဘူး။
၁၄၉၇ခုနှစ်မှာ ပေါ်တူဂီ စွန့်ဦးရှာဖွေသူ ဗက်စကိုဒါဂါမာ (Vasco da Gama) က အိန္ဒိယကိုသွားဖို့ ရေလမ်းရှာရင်းနဲ့ တောင်အာဖရိက တောင်စွန်းပိုင်းကို ပတ်ပြီး ရွက်လွှင့်တယ်။ အဲဒီ့မှာ သူ့သင်္ဘောသားတွေက ဒီနေ့ ပင်ဂွင်းလို့ ခေါ်မယ့် ငှက်ကို စတွေ့ဖူးတာပဲ။ ဂရိတ်အော့ခ်နဲ့ ရုပ်ဆင်၊ အနေအထိုင် ဆင်တာဆိုတော့ အဲဒီ့ ငှက်အသစ်ကိုလည်း ပင်ဂွင်းလို့ နာမည်ပေးလိုက်ကြတယ်။ ဟို သိပြီးသား ဂရိတ်အော့ခ်ကိုတော့ ဒီငှက်နဲ့ ကွဲသွားအောင် ဂရိတ်အော့ခ်ပဲ ဆက်ခေါ်ခဲ့ကြပါတယ်။ ပင်ဂွင်းနဲ့ ဂရိတ်အော့ခ်ဟာ အပေါ်ယံ ဆင်ပေမယ့် သိပ္ပံနည်းကျမျိုးခွဲရင် မျိုးစဉ် (order) အဆင့်အထိ မတူတာပါ။ သူတို့တွေ မျိုးစဉ်အဆင့် မတူဘူးဆိုတာကို မြင်သာအောင် ကိုယ်တွေ နို့တိုက်သတ္တဝါဘက်မှာ ယှဉ်ပြရရင် သားရဲမျိုးစဉ်ထဲက ခွေးနဲ့ ပရိုင်းမိတ် မျိုးစဉ်ထဲ လူ မတူသလို မျိုးကွဲတာပါ။
လူ့ပယောဂကင်းတဲ့ ပင်ကိုအခြေအနေမှာ သဘာဝတရားကြီးက ထူးခြားလှပပါတယ်။ ဂရိတ်အော့ခ်တွေကိုသာ ကျွန်တော်တို့ သတ်မပစ်ရင် အခုဆို ရေခဲမှာ ပျော်မွေ့တဲ့ ရေငှက်နှစ်မျိုးကို “မြောက်ပင်ဂွင်း” (ဂရိတ်အော့ခ်) နဲ့ “တောင်ပင်ဂွင်း” (ယနေ့ခေတ် ပင်ဂွင်း) ဆိုပြီး အာတိတ်နဲ့ အန္တာတိက၊ ကမ္ဘာ့ဝင်ရိုးစွန်း နှစ်ဘက်လုံးမှာ တွေ့ရမှာပေါ့လေ။ ကျွန်တော်တို့တွေ သဘာဝ ပတ်ဝန်းကျင်ကို ဂရုမစိုက်ရင်၊ လူသူကင်းမဲ့တဲ့ အေးခဲလောကတွေမှာ ဥတုဖောက်ပြန်မှုက အပြင်းထန်ဆုံး ဖြစ်နေတာကို မြန်မြန် အရေးမယူရင် လက်ရှိ ကျန်နေသေးတဲ့ “တောင်ပင်ဂွင်း” တွေကိုပါ ကျွန်တော်တို့ ဆုံးရှုံးရပါလိမ့်မယ်။
#end
