ဂါဇာမှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှု ပါလက်စတိုင်း ၅၀ ကျော်သေဆုံး
ဂါဇာကမ်းမြှောင်ဒေသမှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၅၄ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဂါဇာတာဝန်ရှိသူတွေက ပြောပါတယ်။
သေဆုံးသူအများစုဟာ အိုးမဲ့အိမ်မဲ့ မိသားစုတွေခိုလှုံနေတဲ့ ဖာမီအယ်လ်ဂျာဂါဝီ စာသင်ကျောင်းတိုက်ခိုက်မှုမှာ သေဆုံးခဲ့တာဖြစ်ပြီး ၃၅ ယောက်ထက်မနည်း သေတယ်လို့ ဆိုပါတယ်။ ကလေးငယ်တွေအပါအဝင် ရုပ်အလောင်းအများအပြားကို ရရှိထားပြီး အများစုက မီးလောင်နေတယ်လို့ ပြောပါတယ်။
အစ္စရေးစစ်တပ်ကတော့ ဟားမတ်စ်တွေ ကွပ်ကဲမှုဌာနအဖြစ် အသုံးပြုတဲ့နေရာကို ပစ်မှတ်ထားခဲ့တာလို့ ပြောပါတယ်။ ဟားမတ်စ်တို့ဟာ ဂါဇာပြည်သူတွေကို လူသာဒိုင်းအဖြစ် အသုံးပြုနေတယ်လို့လည်း အစ္စရေးက စွပ်စွဲထားပါတယ်။
ဂါဇာမြောက်ပိုင်း ဂျာဘာလီယာရှိ နေအိမ်တလုံးကို အစ္စရေးရဲ့ သီးခြားတိုက်ခိုက်မှုမှာတော့ လူ ၁၉ ယောက်သေဆုံးခဲ့တယ်လို့ အယ်အာလီဆေးရုံညွှန်ကြားရေးမှူးက ပြောပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အစ္စရေးကတော့ မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။
ဒီတိုက်ခို်ကမှုနှစ်ခုဟာ လွန်ခဲ့တဲ့ ရက်သတ္တပတ်က ဂါဇာမြောက်ပိုင်းမှာ ပိုမိုကျယ်ပြန့်လာတဲ့ အစ္စရေးရဲ့ ထိုးစစ်တစိတ်တပိုင်းဖြစ်ပြီး ပြီးခဲ့တဲ့ ၄၈ နာရီအတွင်း ဂါဇာတဝန်းရှိ ပစ်မှတ် ၂၀၀ ကို တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ထုတ်ပြန်ထားပါတယ်။
ဒီအတောအတွင်း ဟားမတ်စ်အဖွဲ့ဟာ အမေရိကန်နောက်ဆုံး အဆိုပြုထားတဲ့ အပစ်အခတ်ရပ်စဲရေးကို လက်ခံလိုက်တယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ အစ္စရေးဟာ ဟားမတ်စ်တို့ကို ဖိအားပေးတဲ့အနေနဲ့ စစ်ဆင်ရေးတွေ တိုးချဲ့နေပြီး မတ်လကတည်းက ဂါဇာအတွက် အကူအညီပိတ်ပင်မှုတွေကိုတော့ အကန့်အသတ်နဲ့ ပြန်လည်ဝင်ရောက်ခွင့်ပြုနေပါတယ်။
