#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ယခုနှစ်အတွင်း ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများ တရုတ်ချေးငွေများကို စံချိန်တင် ပြန်လည်ပေးဆပ်ရနိုင်
ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများအနေဖြင့် ၂ဝ၂၅ ခုနှစ်အတွင်း တရုတ်နိုင်ငံသို့ စံချိန်တင်ချေးငွေပြန်လည်ပေးဆပ်မှုများ ပြုလုပ်ကြရမည်ဖြစ်ကြောင်း ဩစတြေးလျနိုင်ငံဆစ်ဒနီအခြေစိုက် လိုဝီသုတေသနအင်စတီကျုက မေ ၂၆ ရက်တွင်ထုတ်ပြန်ထားသော အစီရင်ခံစာ၌ ဖော်ပြထားသည်။
တရုတ်သမ္မတ ရှီကျင်ပင်း ၂ဝ၁၃ ခုနှစ်တွင်စတင်ခဲ့သော ရပ်ဝန်းနှင့်လမ်းအစီအစဉ်အောက်၌ တရုတ်အစိုးရသည် အာရှ- ဥရောပနှင့် အာဖရိကတိုက်တို့ကိုချိတ်ဆက်ပေးမည့် အခြေခံအဆောက်အအုံများ တည်ဆောက်ရေးအတွက် ကမ္ဘာ့ဖွံ့ဖြိုးဆဲနိုင်ငံအများအပြားကို အမေရိကန်ဒေါ်လာ ဘီလီယံပေါင်းများစွာ ထုတ်ချေးပေးခဲ့သည်။
လိုဝီအင်စတီကျု၏တွက်ချက်မှုအရ အထက်ပါချေးငွေများအတွက် ဖွံ့ဖြိုးဆဲကမ္ဘာ့နိုင်ငံများက ၂ဝ၂၅ ခုနှစ်အတွင်း တရုတ်နိုင်ငံကိုပြန်လည်ပေးဆပ်ရမည့် ကြွေးမြီပမာဏစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၃၅ ဘီလီယံအထိရှိပြီး ယင်းပမာဏအနက် ၂၂ ဘီလီယံကို ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ ၇၅ နိုင်ငံတို့က ပြန်လည် ပေးဆပ်ရမည်ဖြစ်ကြောင်း သိရသည်။
ယခုဆယ်စုနှစ်လက်ကျန်ကာလအတွင်း တရုတ်နိုင်ငံအနေဖြင့် ဖွံ့ဖြိုးဆဲ ကမ္ဘာ၏ဘဏ်လုပ်ငန်းရှင်တစ်ဦးအဖြစ်ထက် ကြွေးမြီကောက်ခံသူနိုင်ငံ သဘောပိုဆောင်လာလိမ့်မည်ဖြစ်ကြောင်း လိုဝီအင်စတီကျု အစီရင်ခံစာတွင် ဖော်ပြထားသည်။
လိုဝီအင်စတီကျုအစီရင်ခံစာ၏အဆိုအရ ဖွံ့ဖြိုးဆဲကမ္ဘာ့နိုင်ငံ ၅၄ နိုင်ငံတို့က ယခုနှစ်အတွင်း တရုတ်ကိုပြန်လည်ပေးဆပ်ရမည့် ချေးငွေပမာဏမှာ အနောက်အုပ်စု မြီရှင်နိုင်ငံများစုစည်းထားသော ပါရီကလပ်အုပ်စုအပေါ် ၎င်းတို့တင်ရှိနေသည့် စုစုပေါင်း ကြွေးမြီပမာဏထက် ပိုများကြောင်း သိရသည်။
ရိုက်တာ
