Charles Oliveira အကြောင်းစပ်မိစပ်ရာ
Charles Oliveira က UFC အဖွဲ့အစည်းကို ရောက်တာ (၁၅) နှစ်ရှိပါပြီ။ အဲဒီအချိန်တုန်းက လက်ရှိပြိုင်ဘက် Ilia Topuria တောင်မှ ကြေးစားမထိုးသေးပါဘူး။ တကယ်ဆိုရင် Charles Oliveira က ဝယ်တာဝိတ်တန်းမှာ စကစားဖူးတာပါ။ UFC အဖွဲ့အစည်းကို ရောက်တော့ လိုက်ဝိတ်တန်းမှာ ဆင်းကစားတယ်။ ဖယ်သာဝိတ်တန်းကို ထပ်ဆင်းသေးတယ်။
Charles Oliveira က ဖယ်သာဝိတ်တန်းမှာ မအောင်မြင်ပါဘူး။ Weight Cut ကြောင့် အားအင်ကုန်ရပြီး စွမ်းဆောင်ရည်အပြည့်မထွက်တော့ဘူး။ ဖယ်သာဝိတ်တန်းမှာ ဝိတ်ခဏခဏပိုဖူးတယ်။ အဆိုးဆုံးက (၉) ပေါင်အထိ ဝိတ်ပိုဖူးတာပဲ။ ရလဒ်မကောင်းတာရယ် ဝိတ်ပိုတာရယ်ကြောင့် လိုက်ဝိတ်တန်းကို ပြန်တက်လာရတယ်။
၂၀၁၈ ခုနှစ်နောက်ပိုင်းမှာ Charles Oliveira က စွမ်းဆောင်ရည်ကောင်းလာပြီး နိုင်ပွဲဆက်လာတယ်။ လိုက်ဝိတ်တန်းမှာ တစ်ဆင့်ချင်းတက်လာတာပါ။ Kevin Lee နဲ့ Tony Ferguson တို့ကို ဖြိုပြလိုက်တာ မျက်ခုံးလှုပ်ချင်စရာကြီး။ ချုပ်ကွက်နိုင်ပွဲတွေကြောင့် သည်းခြေကြိုက် ကစားသမားဖြစ်လာခဲ့ပါတယ်။
UFC အဖွဲ့အစည်းမှာ Charles Oliveira က ပွဲသိမ်းနိုင်ပွဲအများဆုံးဖြစ်ပါတယ်။ ချုပ်ကွက်နိုင်ပွဲအများဆုံး ကစားသမားလည်း ဖြစ်နေပြန်တယ်။ ဆရာသမားထက် BJJ Ranking မြင့်တဲ့ ကစားသမားတွေ ရှိကြပါတယ်။ ဒါပေမယ့် သံဇကာထဲမှာ ဘယ်သူကမှ သူလောက် Submission Skill မကောင်းပါဘူး။
Charles Oliveira က ရှင်းတယ်။ နိုင်ရင်လည်း ပွဲသိမ်းနိုင်ပွဲများတယ်။ ရှုံးရင်လည်း ပွဲသိမ်းခံရတာ များတယ်။ အဲဒါကြောင့်မို့ ပွဲနိုင်ရင်လည်း စွမ်းဆောင်ရည်အပိုဆုကြေးရသလို သူရှုံးရင်လည်း အကောင်းဆုံးတွဲဆိုင်းအပိုဆုကြေးရတာပဲ။ UFC အဖွဲ့အစည်းမှာ အပိုဆုကြေးအများဆုံးရထားတဲ့ ကစားသမားပါ။
Charles Oliveira က (၃၅) နှစ်ရှိပါပြီ။ Ilia Topuria ထက် (၇) နှစ်ကြီးတဲ့ အချက်ကိုလည်း မေ့ထားလို့ မရဘူး။ အခုချိန်မှာ Charles Oliveira က အတွေ့အကြုံအရင့်ကျက်ဆုံးအချိန်ဖြစ်ပါတယ်။ လိုက်ဝိတ်ချန်ပီယံပြန်ဖြစ်လာရင်လည်း ဂုဏ်ယူရမှာဖြစ်သလို ချန်ပီယံမဖြစ်တော့ဘူးဆိုရင်လည်း နားလည်ပေးရမှာပဲ။ ချန်ပီယံဖြစ်ဖူးထားပြီပဲမလား။
