ဈေးချိုပြီး စွမ်းရည်မြင့် ဒရုန်းထွင်နိုင်လို့ ပညာသင်ဆု ချီးမြှင့်ခံရတဲ့ လူငယ်
အသက် ၁၇ နှစ်အရွယ် ကူးပါး တေလာဟာ တွက်ချေကိုက်ပြီး ဘက်စုံသုံးနိုင်တဲ့ ဒရုန်းတီထွင်နိုင်ခဲ့တာကြောင့် အမေရိကန်ကာကွယ်ရေးဌာနကရော ရေတပ်ကနေပါ ဆုရခဲ့တဲ့ လူငယ်ပါ။
သူတည်ဆောက်တဲ့ ဒရုန်းက ဈေးကွက်ထဲက ဒရုန်းတစ်လုံးရဲ့ ၅ ပုံ ၁ ပုံပဲ ကုန်ကျပါတယ်။ တေလာရဲ့ ဒီဇိုင်းက တည်ဆောက်ရေးစရိတ်သက်သာပြီး ကိုယ်သုံးချင်တဲ့ပုံစံအတိုင်း customize လုပ်လို့လည်း ရပါတယ်။ သူ့ဒရုန်းက စိုက်ပျိုးရေးနယ်ပယ်မှာရော သဘာဝဘေးကယ်ဆယ်ရေးနဲ့ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးအထိ သုံးလို့ရတဲ့ ဒရုန်းမျိုးပါ။
ဒီဇိုင်းအတွက် ပုံစံ prototype ၆ မျိုးထုတ်ခဲ့ပြီး hardware ပစ္စည်းတိုင်းကို သူကိုယ်တိုင် 3D နည်းပညာနဲ့ ပရင့်ထုတ်ခဲ့သလို ဆော့ဖ်ဝဲလ်နဲ့ ကွန်ထရိုးဆားကစ်ဘုတ်တွေပါ သူ့ကိုယ်တိုင် ရေးခဲ့တာလို့ ဆိုပါတယ်။
တေလာရဲ့ ဒီဇိုင်းက လေယာဉ်ရဲ့ တောင်ပံတွေနဲ့ ဟယ်လီကော်ပတာရဲ့ multi-rotor နှစ်မျိုးစပ် ဒရုန်းပုံစံဖြစ်ပြီး မြေပြင်ကနေ ဟယ်လီကော်ပတာလို ထောင်လိုက်တက်ပြီးမှ လေယာဉ်ပုံစံ ပြောင်းပြီး ပျံတာပါ။ ဒီနည်းလမ်းက rotor သုံး ဒရုန်းသက်သက်ထက် ပိုအချိန်ကြာကြာ ပျံသန်းနိုင်စွမ်း ရှိပါတယ်။
သူ့ရဲ့ တီထွင်ဆန်းသစ်ချက်ကြောင့် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အထောက်အပံ့ခံ Junior Science and Humanities Symposium မှာ ဒေါ်လာ ၈၀၀၀ တန် ပညာသင်ဆုရခဲ့ပါတယ်။ Regeneron International Science and Engineering Fair မှာ သူ့ပရောဂျက်ဝင်ပြပြီးနောက် မေလ ၁၆ ရက်နေ့မှာ အမေရိကန်ရေတပ်ဆီက ဒေါ်လာ ၁၅၀၀၀ တန် ပညာသင်ဆု ထပ်ရခဲ့ပါတယ်။
တေလာဟာ မနှစ်ကတည်းက ဈေးသက်သာပြီး ကြာကြာပျံနိုင်မယ့် ဒရုန်းအိုင်ဒီယာကို အကောင်အထည်ဖော်ခဲ့တာပါ။ "နွေရာသီတုန်းက အိပ်ရာက နိုးတာနဲ့ ကျွန်တော် မြေအောက်ခန်းသွားပြီး ဒရုန်းလုပ်တော့တာ။ ည ၁၂ နာရီကျော်တဲ့အထိပဲ"
ဒရုန်း prototype တွေ ထုတ်နိုင်ဖို့ လိုအပ်တဲ့ Coding ၊ ဒီဇိုင်း နဲ့ ဆားကစ်ပိုင်းဆိုင်ရာတွေကို Udemy ပလက်ဖောင်းကနေ သင်ခဲ့သလို အွန်လိုင်း ဖိုရမ်တွေဆီကလည်း အကြံတောင်းခဲ့ရတယ်လို့ ဆိုပါတယ်။ သူ့ပထမဆုံး prototype သုံးခု မအောင်မြင်ခဲ့ပေမယ့် ဒီအရှုံးကနေ အဖြေရှာပြီး လေးခုမြောက်ဒရုန်းကို အောင်အောင်မြင် ဖန်တီးနိုင်ခဲ့တယ်လို့ ပြောပါတယ်။
အခုဆို တေလာဟာ ၇ ခုမြောက် ဒုရုန်းပါ တည်ဆောက်နေပါတယ်။ ဒီဒရုန်းကတော့ တောင်ပံတွေ မပါဘဲ ကျောပိုးအိတ်ထဲတင် ထည့်သယ်သွားနိုင်တဲ့ ဒရုန်းမျိုး ဖြစ်မယ်လို့ ဆိုပါတယ်။ တေလာဟာ MIT က Reliable Autonomous Systems Lab နဲ့ ဒရုန်းပရောဂျက်တစ်ခုလည်း လုပ်နေပါတယ်။
