ဝန်ထမ်းတွေ ဖြုတ်ပြီး AI အားကိုးမိလို့ တိုင်ပတ်သွားတဲ့ ကုမ္ပဏီ
Klarna ဆိုတဲ့ ဆွီဒင် fintech ကုမ္ပဏီတစ်ခုက စရိတ်ချွေတာဖို့ လူပေါင်း ၇၀၀ အလုပ်ဖြုတ်ပြီး AI နဲ့ အစားထိုးခဲ့ပါတယ်။
အဲ့ဒီနောက်ပိုင်း ဖောက်သည်ဝန်ဆောင်မှုအတွက် လူထပ်မခေါ်ဘဲ OpenAI ထုတ် AI tool ကိုပဲ ခိုင်းခဲ့ပါတယ်။ တစ်နှစ်ကျော်အကြာမှာတော့ Klarna ရဲ့ ၂၀၂၅ ပထမသုံးလပတ် ဆုံးရှုံးမှုက ဒေါ်လာ ၉၉ သန်း ဖြစ်လာပါတယ်။ မနှစ်က သုံးလပတ် အရှုံးပေါ်မှု ၄၇ သန်းနဲ့ ယှဉ်ရင် ၁၁၀% လောက် ထိသွားတာပါ။
နှစ်အလိုက်ဝင်ငွေ ၁၃% တိုးပြီး ဒေါ်လာ ၇၀၁ သန်းရတာတောင် အခုလို အဆုံးအရှုံးများရတာက ရှယ်ယာပေးရတာတွေ ၊ အကြွေးဆုံးရတာတွေနဲ့ တန်ဖိုးလျော့စရိတ်တွေကြောင့်လို့ ပြောပါတယ်။ Klarna ရဲ့ ဖောက်သည်တွေဆီက ရစရာ အကြွေးဆုံးရှုံးရတာက အခုဆို ဒေါ်လာ ၁၃၆ သန်းတောင် ရောက်နေပါတယ်။
Klarna ဆိုတာက "အရင်ဝယ် နောက်မှပေး" ဆိုတဲ့ အရစ်ကျစနစ်နဲ့ ငွေချေးပေးတဲ့ fintech ပါ။ Klarna CEO ဆီဘတ်ရှန် ဆမီယာကော့စကီဆိုရင် "လူလုပ်နိုင်တဲ့ အလုပ်အကုန် AI လုပ်နိုင်တယ်" လို့တောင် ပြောခဲ့ဖူးပါတယ်။ အခုတော့ သူအမှားလုပ်မိတာ ပြန်တွေးမိပုံပါပဲ။
"ကုန်ကျစရိတ်ဘက် တအားအလေးပေးကြည့်မိတော့ အရည်အသွေးနိမ့်တဲ့ဘက်ကို ရောက်သွားတာပါပဲ" လို့ Klarna CEO ဆီဘတ်ရှန် ဆီမီယာကော့စကီ ကိုယ်တိုင်က ဝန်ခံပါတယ်။ "လူ customer support အရည်အသွေးပိုင်း တကယ်ရင်းနှီးမြှုပ်နှံတာကပဲ ကျွန်တော်တို့ရဲ့ အနာဂါတ်လမ်းပါ"
အခုတော့ Klarna ဟာ remote အလုပ်လုပ်ပေးနိုင်မယ့် customer support အလုပ်တွေ ခေါ်နေပါတယ်။ AI အသုံးချတဲ့ဘက် သွားနေပေမယ့် ဖောက်သည်တွေ လူနဲ့တိုက်ရိုက် စကားပြောဆိုနိုင်အောင်လည်း လမ်းဖွင့်ပေးရမယ်လို့ ဆိုပါတယ်။ Klarna ကတော့ နောက်ပိုင်း AI နည်းပညာတိုးတက်လာရင် လူထပ်လျှော့ဦးမှာပါပဲ။
ကုမ္ပဏီဟာ ၂၀၂၁ တုန်းက ဒေါ်လာ ၄၅.၆ ဘီလျံတန်လုပ်ငန်းတစ်ခု ဖြစ်ခဲ့ပေမယ့် အခုတော့ လုပ်ငန်းတန်ဖိုး ဒေါ်လာ ၁၅ ဘီလျံကျော်ပဲ ရှိပါတယ်။
