မြောက်ကိုရီးယား စစ်သင်္ဘောပျက်စီးမှု ခဲယမ်းဌာန လက်ထောက်ညွှန်မှူးကိုပါ ဖမ်းဆီး

မြောက်ကိုရီးယား စစ်သင်္ဘောသစ် ရေချမှုမှာ မတော်တဆမှုဖြစ်ပွားပြီး ပျက်စီးမှုနဲ့ပတ်သက်ပြီး လေးယောက်မြောက် တာဝန်ရှိသူတွေကို အာဏာပို်ငတွေက ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြထားပါတယ်။
အာဏာရအလုပ်သမားပါတီရဲ့ ခဲယမ်းဌာန လက်ထောက်ညွှန်ကြားရေးမှူး ရီဟောင်ဆန်ဟာ လွန်ခဲ့တဲ့ သီတင်းပတ်က ဖြစ်ပွားခဲ့တဲ့ စစ်သင်္ဘောမတော်တဆမှုအတွက် အဓိကတာဝန်ရှိတယ်လို့ နိုင်ငံပိုင် သတင်းဌာနက ဆိုပါတယ်။
မြောက်ကိုရီးယားစစ်တပ်ကို အဓိကကွပ်ကပ်ပြီး မူဝါဒတွေ အကောင်အထည်ဖော်ဆောင်ရတဲ့ ဗဟိုစစ်ကော်မရှင် အဖွဲ့ဝင်လည်းဖြစ်သူ ရီဟောင်ဆန်ဟာ စစ်သင်္ဘောမတော်တဆမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတဲ့ အဆင့်အမြင့်ဆုံး အရာရှိတယောက် လည်းဖြစ်ပါတယ်။
တန်ချိန် ၅၀၀၀ ရှိတဲ့ အဲဒီဖျက်သင်္ဘောဟာ အောက်ပိုင်းပျက်စီးခဲ့ပြီး ဒါဟာ နိုင်ငံဂုဏ်သိက္ခာ ကျဆင်းစေတဲ့ ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ပြောဆိုထားပြီး ပါတီမျက်နှာစုံညီအစည်းအဝေးမှာ အရေးယူဖို့ ဆုံးဖြတ်မယ်လို့ ပြောပါတယ်။
နို်ငငံမြောက်ပိုင်း ချောင်ဂျင်သင်္ဘောကျင်းမှာ ဖြစ်ပွားခဲ့တဲ့ အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သင်္ဘောကျင်း အင်ဂျင်နီယာချုပ် ၊ တည်ဆောက်ရေးဆိုင်ရာ အကြီးအကဲနဲ့ စီမံခန့်ခွဲရေး မန်နေဂျာတယောက်တို့ကိုလည်း အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းထားပါတယ်။
သူတို့တွေကို ဘယ်လို အပြစ်ပေးအရေးယူမယ်ဆိုတာ မသိရပေမယ့် အလုပ်ကြမ်းစေခိုင်းမှု၊ သေဒဏ်ပေးမှုအပါအဝင် ပြစ်ဒဏ်ချမှတ်မှုတွေနဲ့အတူ ဆိုးရွားတဲ့လူ့အခွင့်အရေး ချိုးဖောက်မှုမှတ်တမ်းတွေ ရှိနေပါတယ်။

image