#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ရေဘေးသင့်ဒေသများအတွက် ရဟတ်ယာဉ်များသုံး၍ ဩစတြေးလျကူညီနေ
ရေလွှမ်းမိုးမှုကြောင့် နယူးဆောက်သ်ဝေးပြည်နယ်၌ သောင်တင်ပိတ်မိနေသော လယ်သမားများလိုအပ်နေသည့်စာနပ်ရိက္ခာ နှင့် တိရစ္ဆာန်အစားအစာများကို ဩစတြေးလျအစိုးရက လေကြောင်းမှတစ်ဆင့် ချပေးနေကြောင်း မေ ၂၅ရက် သတင်းများတွင် ရေးသားတင်ပြထားသည်။
ပြီးခဲ့သည့်ရက်များအတွင်း နယူးဆောက်သ်ဝေးပြည်နယ်၌ ရေလွှမ်းမိုးမှုများဖြစ်ပွားခဲ့ရာ လူပေါင်းငါးဦးသေဆုံးခဲ့ရပြီး ပြည်သူထောင်ပေါင်းများစွာတို့ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုပြဿနာနှင့် ရင်ဆိုင်နေရသည်။
ယင်းပြင် အဆက်အသွယ်ပြတ်တောက်နေသည့် လယ်သမားများအနေဖြင့် ၎င်းတို့၏မွေးမြူရေးခြံများအတွက် တိရစ္ဆာန် အစားအစာများ လိုအပ်လျက်ရှိကြောင်း သိရသည်။
သို့ဖြစ်ရာမိမိတို့အနေဖြင့် ရဟတ်ယာဉ်များအသုံးပြု၍ မွေးမြူရေးခြံများအတွက် လိုအပ်သည့် တိရစ္ဆာန်အစားအစာများကို လေကြောင်းမှတစ်ဆင့်ချပေးနေကြောင်း နယူးဆောက်သ်ဝေးပြည်နယ် တာဝန်ရှိသူများက ပြောကြားသည်။
လက်ရှိအချိန်တွင် တိရစ္ဆာန်အစားအစာများကို ရဟတ်ယာဉ်များဖြင့် ၄၃ ကြိမ်၊ အခြားနည်းလမ်းများဖြင့်အကြိမ် ၁၃ဝ ခန့် အထိ ချပေးထားပြီးဖြစ်ကြောင်း သိရသည်။ နယူးဆောက်သ်ဝေးပြည်နယ် ရေလွှမ်းမိုးမှုကပ်ဘေးအတွင်း အိုးအိမ်တိုက်တာ အနည်းဆုံး ၁ဝဝဝဝ အထိ ပျက်စီးခဲ့ရသည်။
လက်ရှိတွင် ရေဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ပြည်နယ်တာဝန်ရှိသူများက စတင်လျက်ရှိသည်။
ရိုက်တာ

image