#ပြည်တွင်းသတင်း
◼ညောင်တုန်း၌ပန်းလှိုင်မြစ်ရေတိုက်စားခြင်းကြောင့် လူနေအိမ် ၂၀ ခန့် ရေထဲမျောပါ
ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်၊ ရန်ကင်းစံရာ(အနောက်ကျွန်း) ကျေးရွာအနီး၌၊ ယနေ့(မေ ၂၅ ရက်) နံနက် ၁ နာရီခန့်တွင် ပန်းလှိုင်မြစ်ရေတိုက်စားခြင်းကြောင့် လူနေအိမ် ၂၀ ခန့် ရေထဲမျောပါ ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှသိရသည်။
အဆိုပါ ကျေးရွာအနီးတွင်လူနေအိမ် ၁၃ လုံးနှင့် အမှတ် (၄) ရပ်ကွက်၊ တိုးချဲ့နယ်မြေအနီးတွင် လူနေအိမ်ခုနစ်လုံးမျောပါခဲ့ကြောင်း၊ မြစ်ကမ်းပါးအနီးပြိုကျနိုင်ခြေရှိသည့်နေအိမ်များကို ညောင်တုန်းမြို့နယ်မီးသတ်စခန်းမှ ကူညီရွှေ့ပြောင်းပေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။
"မြစ်ရေတိုက်စားပြီး လူနေအိမ်တွေရေထဲမျောပါသွားတယ်လို့ ကယ်ဆယ်ရေးတွေလုပ်ပေးခဲ့ပါတယ်။ ထပ်မျောနိုင်တဲ့အိမ်တွေကိုလည်းဖြိုဖျက်ပေးခဲ့ပြီး ဒေသခံတွေကို ရေဘေးလွတ်ရာကိုပို့ဆောင် ထားပါတယ်" ဟု ညောင်တုန်းမြို့နယ်အရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
လက်ရှိတွင် ပန်းလှိုင်မြစ်ရေတိုက်စားခြင်းကြောင့် ထပ်မံပြိုကျနိုင်သည့်နေအိမ်များကို မီးသတ်တပ်ဖွဲ့ ဝင်များနှင့် လူမှုကူညီရေးအသင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက ကူညီဖြိုဖျက်ပေးနေကြောင်း သိရသည်။
သတင်း - ပိုင်လေး

